Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Sunday, January 25, 2009

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး-U TIN MOE

From: "moehninaye08"


ဇန်န၀ါရီ ၂၃၊ ၂၀၀၉



ဆရာကြီးက အမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ … ဆုံး ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။


အမှာစာ

အဖေ ကဗျာဆရာဦးတင်မိုး ဆုံးပြီး လအနည်းကြာတဲ့ တနေ့မှာ ကိုယ့်လက်ထဲကို စာအုပ်လေး တအုပ် ရောက်လာပါတယ်။ အဖေ့ သားအရင်းတယောက်လို ချစ်ခင်တဲ့ ကျောင်းသားလေး တယောက်ရဲ့ အဖေ့အကြောင်းရေးထားတဲ့ စာမူပါ။ မလွတ်လပ်တဲ့ နေရာ၊ အကျဉ်းထောင်ထဲကနေ နှလုံးသွေးနဲ့ ရေးလိုက်တဲ့ စာမူလေးပါ။

အဖေ့အကြောင်းကို လူတွေ သူတို့မြင်တဲ့ထောင့်ကနေ အမျိုးမျိုးရေးကြတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဒါပေမဲ့ အမှန်တရားအတွက် အဖေ မတရားအဖမ်းဆီးခံရစဉ် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကိုတော့ မသိခဲ့ရပါဘူး။ လွတ်လပ်မှုကို မြတ်နိုးလွန်းတဲ့ အဖေ အကျဉ်းထောင်ထဲမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ ကိုယ်တွေးကြည့်မိဖူးတယ်။

အခု ဖော်ပြမဲ့ ဒီစာလေးဟာ အဲဒီကွက်လပ်လေးကို ဖြည့်လိုက်တာပါပဲ။ ဒီစာထဲမှာ အကျဉ်းစံတွေ ဖြစ်တဲ့၊ အာဏာရှင်စနစ်ကို မရှိခိုးနိုင်ကြတဲ့ ကျောင်းသားလေးတယောက်နဲ့ ကျောင်းဆရာ ကဗျာဆရာတယောက်ရဲ့ မမြင်ရတဲ့ သံယောဇဉ်တွေကို တွေ့ရမှာပါ။ အကျဉ်းကျသူတွေရဲ့ ရင်ဆိုင် ရုန်းကန်နေရတဲ့ ဘဝတွေကို နားလည်ခံစားလို့ရမယ်၊ သူတို့ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ခံစားချက်တွေကို ဖတ်ရင်း စာနာနားလည်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

စာမူကို အပိုင်းခွဲပြီး တင်သွားပါမယ်။ ဖတ်ကြည့်ကြပါအုံးရှင်။

မိုးချိုသင်း



စာရေးသူရဲ့ မိတ်ဆက်စာ

အမတို့ခင်ဗျား

လူတစ်ယောက် ဆုံးပါးသွားတဲ့အခါ သူ့ကို ချစ်ခင်တန်ဖိုးထား လေးစားတဲ့သူတွေက လူကိုယ်တိုင် ဈာပနအခမ်းအနားကို တက်ရောက်ကြတယ်။ အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ကြရင် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၊ လွမ်းသူ့ပန်းခွေ ပန်းစည်းတွေပို့ပြီး မိသားစုနဲ့အတူထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း သူတို့ရဲ့စာနာမှုတွေကို ပြသလေ့ရှိကြတယ်။ ဒါဟာယဉ်ကျေးတဲ့သူတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပါဘဲ။ ကျနော်က လူကိုယ်တိုင်လည်းတက်လို့မရ ပန်းခွေပန်းစည်း သဝဏ်လွှာလည်း ပို့လို့ မရ ဆိုတော့ ကျနော်က မယဉ်ကျေးတဲ့သူများဖြစ်နေမလားပဲ။

ဆရာကြီးက အမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ … ဆုံး ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။

တိုင်းသိပြည်သိဆရာကြီးရဲ့ အများသိပြီးသားအကြောင်းတွေကို ထည့်မရေးတော့ဘဲ တကယ်ဖြစ်ခဲ့ပြီး လူသိပ်မသိတဲ့ အကြောင်းတွေကိုပဲ ရေးထားတာပါ။ အထူးသဖြင့် ဘာမှမဟုတ်တဲ့ ခပ်ရိုင်းရိုင်း ကောင်လေးတစ်ယောက်ကို ယဉ်ကျေးတဲ့ လူသားတစ်ယောက်ဖြစ်အောင် သူ ဘယ်လို ထုဆစ်ခဲ့တယ် ဆိုတာ လူသိရှင်ကြားသိစေချင်တာပါ။

လူသူမမြင်နိုင်တဲ့နေရာမျိုးတွေမှာတောင် ဆရာကြီးဟာ အရိုးခံသက်သက် ပြုမူနေထိုင်ခဲ့တာတွေ၊ ဟန်ဆောင်မှုကင်းပြီး မာန်မာန မရှိတာတွေ၊ ဖြူစင်ရိုးသားပြီး စာနာတရား ကြီးမားတာတွေ ကဗျာ၊ စာပေနဲ့ ပညာကို ချစ်မက် တန်ဖိုးထားတာတွေ သိစေချင်လို့၊ အထူးသဖြင့် ကျနော့်လို အရိုင်းကို အယဉ်ဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ မေတ္တာတရား ကြီးမားတာကို အမတို့ သိစေချင်လို့ ''ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး'' ဖြစ်လာရတာပါပဲ။

အရေးကြီးဆုံးကတော့ ဆရာကြီးရဲ့ အရိုးပြာအိုး မြန်မာပြည်ကို မုချ ပြန်ရောက်ရမယ်လို့ လူသိရှင်ကြား ဟစ်ကြွေးလိုက်တာပါပဲ။

အမတို့ငြိမ်းချမ်းပါစေ..
Tue, Feb 6 , 2007

10:05 PM



ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး


ဇန်န၀ါရီ ၂၃၊ ၂၀၀၉

၂ဝဝ၇၊ ဇန်နဝါရီ ၂၂ ၊ ညနေ ၄ နာရီ၊ အမေရိကန်၊ လော့အိန်ဂျလိစ်မှာ ဆရာကြီးဆုံးပြီတဲ့။ ကျင်စက်နဲ့ တို့ခံလိုက်ရသလို တကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားရတဲ့အထိ။ ကိုယ့်နားတောင် ကိုယ်မယုံချင်ဘူး။ "မဟုတ်ပါစေနဲ့ … မဟုတ်ပါစေနဲ့ …" လို့ တကိုယ်တည်း နတ်ပူးသလို ရေရွတ်နေမိတယ်။ အမြင်၊ အကြားအာရုံတွေ ဆွံ့အသွားသလို ပတ်ဝန်းကျင်တခုလုံး လင်းလိုက် မှောင်လိုက်နဲ့။ ဆောင်း ခေါင်ခေါင်ကြီး မိုးခြိမ်းသံတွေ တဂျုန်းဂျုန်း၊ တဂျိမ်းဂျိမ်း။ ဘုရား ... ဘုရား ... အိပ်မက် မဟုတ်ဘူးပဲ။ တကယ် ဆရာကြီး ဆုံးပြီတဲ့..။

တမာနံ့သင်းသင်း၊ နေပြင်းပြင်း အညာဒေသမှာ မွေးဖွားခဲ့တဲ့ အညာသားစစ်စစ်ကြီး ဦးဘဂျမ်း

မြန်မာ့ ယဉ်ကျေးမှု ကျေးလက်စရိုက်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ မျိုးချစ်ကဗျာစာဆိုကြီး တင်မိုး

'ဖန်မီးအိမ်' 'ဧည့်သည်ကြီး' ကဗျာတွေနဲ့ ကဗျာတခေတ် မော်ကွန်းထိုးခဲ့တဲ့ ကဗျာသူရဲကောင်းကြီး

ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးလွန်းလို့ ထောင်သွင်းအကျဉ်းကျခံရတဲ့ ပြည်သူ့ဘက်တော်သားကြီး

အများက ''သခင်ကိုယ်တော်မိုး''လို့ မှည့်ခေါ်ရလောက်အောင် ငြိမ်းချမ်းရေးစိတ် ပြင်းပြလွန်းတဲ့ တိုင်းချစ်ပြည်ချစ် ဆရာကြီး …

ခုတော့ သူသိပ်ချစ်တဲ့ သူ့မွေးရပ်တိုင်းပြည်မှာ ခေါင်းချခွင့် မရရှာတာ ဘယ်လောက် ကြေကွဲ ထိခိုက်ဖို့ ကောင်းလိုက်သလဲလို့ …

သူ့ကို ကျနော် စတွေ့ခဲ့တာ … ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ခုလို နှစ်တနှစ်ရဲ့ နှစ်ဦးကာလ နှင်းတွေဝေနေတဲ့ မနက်ခင်းလေး။ အင်းစိန်ကျောင်းတော်ကြီးရဲ့ အမှတ် ၁ အိပ်ဆောင်မှာပါ။

ကျနော်နဲ့ သက်ဝင်းအောင်က အမှုတွဲ၊ အပေါ် (၁ - ခ) မှာ အတူတူနေ နေရတဲ့အချိန်။ ၁၉၉၁၊ ဇွန်လ ထဲက ရုံးထွက် ရုံးပြန်နဲ့ ဒီအဆောင်မှာ နေ နေရတာ။ ၁၉၉၂ ဇန်နဝါရီ လကုန်ပိုင်းလောက် တညနေခင်းမှာ ရုံးပြန်တစ်ယောက် ကျနော်တို့ဆီရောက်လာပြီး ''ကဗျာဆရာတင်မိုး'' ဆိုတာ ဒီနေ့ အချုပ်သစ်နဲ့ ပါလာတယ်လို့ သတင်းလာပေးတယ်။

ကျနော်က ''ကဗျာဆရာတင်မိုး''ဆိုတာကို မသိဘူး။ မသိဆို ကြားတောင် မကြား ဖူးဘူး။ သက်ဝင်းအောင်က လူကိုသာ မသိတာ။ သူ့နာမည် ကြားဖူးတယ်။ ထင်ရှားတဲ့ ကဗျာဆရာကြီးဆိုတာ သိနေတယ်။ ကျနော်တို့က အရင်ရောက်နှင့်နေတဲ့ လူဟောင်းတွေဆိုတော့ လိုအပ်တာတွေကူညီဖို့ နှစ်ယောက်သား တိုင်ပင်ဖြစ်ကြတယ်။

သူက ဒီနေ့မှ စရောက်တာဆိုတော့ ပုံစံခန်းဝင်ရဦးမယ်။ ပုံစံခန်းဆိုတာ ကျနော်တို့နေတဲ့ အခန်းရဲ့ အောက်တည့်တည့် အခန်းနံပါတ် (၁-က)။ ရောက်လာခဲ့သူမှန်သမျှ ဒီအခန်းကိုဝင်ကြရတာ ထုံးစံပဲ။

ပုံစံခန်း ဆိုတဲ့အတိုင်း ရောက်လာတဲ့အချုပ်သစ်တွေကို သံမံတလင်းမှာ ဖင်ချထိုင်ခိုင်းထားပြီး ပုံစံပြ တစ်ယောက်က ရှေ့မှာ ပုံစံပြမယ်။ ''စည်းကမ်းထိန်း'' ဆိုတဲ့သူတွေက တုတ်တွေ၊ သားရေပတ်တွေကိုင်ထားပြီး တွေ့ကရာလူကို လျှောက်ရိုက်မယ်။ "ပုံစံ" လို့ အော်လိုက်ရင် လက်မကို လက်ဖဝါးထဲ ထည့်ဆုတ်ပြီး တင်ပလ္လင်ချိတ် ထိုင်ထားတဲ့ ဒူးနှစ်ဖက်ပေါ် တင်တား၊ ခါးဆန့်ပြီး ခေါင်းငုံ့ထားရတယ်။ ''အေးစေ'' လို့ အော်မှ ခေါင်းမော့ရတယ်။ ''ပုံစံရပ်''နဲ့ ''အရေးပေါ်ပုံစံ''ဆိုတာ ရှိသေးတယ်။ ကိုလိုနီစရိုက်နဲ့ အာဏာရှင်ဝါဒ သားစပ်ကျထားတဲ့ "မော်ဖူးစေ" ပုံစံ တခုပါပဲ။

ပုံစံ ပြနေတုန်း အယောင်ယောင်အမှားမှားဖြစ်တဲ့သူကို စည်းကမ်းထိန်းတွေက တအုံးအုံး၊ တဒိုင်းဒိုင်းနဲ့ ရိုက်နှက် ကန်ကျောက်ကြတော့တာပဲ။ ပုံစံခန်း ဆိုတာ ငရဲခန်း အသေးစားလေးဆိုရင် မမှားဘူး။ အချုပ်သစ်နဲ့ ရောက်လာသူမှန်သမျှ ဒီအခန်းထဲကို ဝင်ရတယ်။ ၂ ရက်လောက်နေပြီးမှ တခြားအခန်းကို ခွဲပို့တယ်။

ကျနော်နဲ့ သက်ဝင်းအောင်လည်း ဒီအခန်းမှာ ၂ ရက်လောက်နေပြီးမှ အခုနေတဲ့ ( အခန်း ၁-ခ ) ကို ရောက်နေကြရတာ။

ညနေဖက် သူ ရောက်တယ်ကြားပြီး နောက်တနေ့မနက် တန်း ဖွင့်တော့ ကျနော်နဲ့ သက်ဝင်းအောင်တို့ ပုံစံ ခန်းသွားပြီး သူ့ကိုရှာကြတယ်။ အခုမှ ရောက်တာဆိုတော့ သူမှာ ဘာမှ ပါမှာ မဟုတ်ဘူးဆိုတာ အတွေ့အကြုံအရ သိနှင့်ပြီးသား။ ဒါကြောင့် သွားတိုက်တံအသစ် တစ်ချောင်းရှာပြီး သွားတိုက်ဆေးပါ ယူသွားကြတယ်။ သူ့ကို လူမမြင်ဖူးတော့ ''ဦးတင်မိုး'' ဘယ်သူလဲဆိုတာ လိုက်မေးကြရတာ။ အခန်းဝရပ်နေတဲ့ လူ တစ်ယောက်က လက်ညှိုးထိုးပြလို့ ကြည့်လိုက်တော့ - အသက်ကြီးကြီး ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ခေါင်းရင်းဘက်ပြတင်းပေါက် သံတိုင်တွေကိုကိုင်ပြီး အပြင်ကို ငေးကြည့်နေတယ်။

ကျနော်တို့နှစ်ယောက် သူ့ဆီသွားပြီး

''အဘက ဦးတင်မိုးလား''

လို့ မေးလိုက်တော့ သူက ကျောခိုင်းလျက် ကျနော်တို့ဘက် လှည့်ပြီး

''ဟုတ်ပါတယ်။ ကျနော်တင်မိုးပါ''

လို့ ပြန်ဖြေတယ်။

မျက်လုံးကဝိုင်းဝိုင်း၊ ပါးက ဖောင်းဖောင်းကြီးနဲ့ အံ့သြတဲ့ အမူအရာနဲ့ ကျနော်တို့ နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေတယ်။

ကျနော်တို့ ကျောင်းသားတွေပါ။ နာမည် ဘယ်သူ ဘယ်ဝါပါ ဆိုပြီး ကျနော်တို့အကြောင်း အကျဉ်းချုံး မိတ်ဆက်လိုက်တော့ သူ့မျက်နှာဝင်းသွားပြီး ဖက်လှဲတကင်း ပြန်နှုတ်ဆက်ပါတယ်။ သူ့ဖြစ်စဉ်အကြောင်းလည်း အကျဉ်းချုံး ပြောပြပါတယ်။

ကျနော်တို့က

"အဘ … မျက်နှာမသစ်ရသေးဘူး မဟုတ်လား။ လာ..ရေကန်သွားမယ်"

ဆိုပြီး ခေါ်သွားပါတယ်။ ရေကန်ရောက်တော့ သွားတိုက်တံပေါ် သွားတိုက်ဆေးညှစ်ထည့်ပြီး သူ့ကိုပေးလိုက်တော့ သူက သွားတိုက်တံပေါ်က သွားတိုက်ဆေးကို လက်ညှိုးလေးနဲ့ကော်ပြီး သွားတိုက်တံကို ပြန်ပေးတယ်။

ကျနော်က

''အဘ ရွံတတ်လို့လား။ ဒါ သွားတိုက်တံအသစ်ပါ …"

လို့ ပြောလိုက်တော့ သူက

''ဟာ … မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ် မရွံတတ်ပါဘူး။ သွားတိုက်တံနဲ့ တိုက်လို့ မရလို့ပါ''

လို့ ပျာပျာသလဲ ပြန်ဖြေပြီး သူ့ပါးစပ်ကို ''ဟ'' ပြပါတယ်။ ကြည့်လိုက်တော့ ပါးစပ်ကဟောင်းလောင်းကြီး၊ သွားတွေ တချောင်းမှ မရှိဘူး။ ဟုတ်တာပေါ့။ သွားဖုံးချည်း သက်သက်ကို သွားတိုက်တံနဲ့ တိုက်လို့ ဘယ်ရပါ့မလဲ။

ကျနော်နဲ့ သက်ဝင်းအောင် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလေးဖြစ်သွားတော့ သူက အားရပါးရ ရယ်မောလိုက်ပါတော့တယ်။

အဲဒါ သူနဲ့ကျနော် ပထမဆုံး စတွေ့တွေ့ချင်း အမှတ်ရစရာ လေးပါ။

၁၉၉၂ နှစ်ဦးပိုင်း နှင်းတွေဝေနေတဲ့ ဆောင်းနံနက်ခင်းလေးက အစပြုလို့ အေးမြတဲ့ နွေးထွေးတဲ့ မေတ္တာရိပ်တွေ ကျနော့်နှလုံးသားကို သိုင်းခြုံ ရစ်ပတ်တော့မယ်ဆိုတာ ကျနော်မသိခဲ့ဘူးလေ။

သူ ပုံစံခန်းက ထွက်တော့ ကျနော်နေတဲ့ အပေါ် (၁-ခ) မှာ လာနေရတယ်။ ကျနော်နဲ့ ဘေးချင်းယှဉ် အိပ်ရတာပါ။ သက်ဝင်းအောင်က ကပ်လျက်အခန်းက အပေါ် (၁-က) မှာ။

အဲဒီတုန်းက ကျနော်နဲ့ သက်ဝင်းအောင်က အသက် ၁၉ နှစ်အရွယ်၊ ၉ တန်း ကျောင်းသားလေးတွေ၊ သူက ကျောင်းဆရာ၊ ကဗျာဆရာ ၊ ပညာနဲ့ မွေ့လျော်သူဆိုတော့ ကျနော်တို့ ၂ ယောက်ကို ၉ တန်း ပြန်ဖြေပြီး ဘွဲ့ရအောင်ယူဖို့ တိုက်တွန်းတယ်။ ကတိလည်း တောင်းတယ်။ သက်ဝင်းအောင်က ပြန်ဖြေဖို့ ကတိပေးလိုက်ပေမဲ့ ကျနော်က မပေးဘူး။ မသေချာဘဲနဲ့ ဘာ ကတိမှ မပေးချင်ဘူး လို့ ပြန်ပြောလိုက်တော့ သူ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဘာမှတော့ မပြောဘူး။ ဒါပေမဲ့ သူ့မျက်နှာမှာ ခပ်မှိုင်းမှိုင်း အရိပ်လေးတွေ တွေ့လိုက်ရတယ်။

အဲဒီတုန်းက ကျနော်က ခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်း။ ကချင်ပြည်နယ် တောတောင်တွေထဲ ၂ နှစ်ခွဲလောက် လက်နက်ကိုင် တိုက်ခိုက်နေရာကနေ၊ လောလောလတ်လတ် အချုပ်ကျနေတဲ့ ကာလ။ ပြောရရင် အရှင်လတ်လတ် လှောင်ချိုင့်ထဲ ထည့်ပိတ်ခံထားရလို့ ရှူးရှူးရှားရှားဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန် တကောင်လိုမျိုး။ အစွယ် တပြပြ၊ လက်သည်း တပြင်ပြင်နဲ့။ ပိုဆိုးတာက ဘာ ဘာသာရေးမှ မရှိတာ။ အရိုင်းတုံးကြီး။ အဖေက ဗုဒ္ဓဘာသာ မြန်မာလူမျိုး၊ အမေက ခရစ်ယာန် ကရင်လူမျိုးဆိုတော့ ဘာသာက ဖက်စပ်၊ လူမျိုးက ကပြား။ သြကာသ မသိ၊ သခင်ယေရှု မသိ၊ ကိုယ်ထင်ရာ ကိုယ် စိုင်းနေတဲ့ စိတ်အခံမျိုး။

အဲဒီလို ဘာသာမဲ့၊ တောပြန်၊ အချုပ်ကျ၊ ရိုင်းချင်တိုင်း ရိုင်းနေတဲ့ ကျနော့်ကို သူက ကျနော်ကြုံရလေ့ရှိတဲ့ တခြားလူကြီးတွေလိုမျိုး ရှောင်ဖယ်ဖယ် နေတာမျိုး မလုပ်ဘူး။ ဖေးဖေးမမနဲ့ တရင်းတနှီး ဆက်ဆံတယ်။ ကျနော့်နောက်ခံ ဘဝဇာတ်ကြောင်းကို ခရေစေ့တွင်းကျ မေးတယ်။ အဖေအကြောင်း၊ အမေအကြောင်း၊ မိသားစုနေထိုင်မှုပုံတွေ အကြောင်း၊ ကျနော်တက်ခဲ့တဲ့ ကျောင်းက အစ၊ တောထဲ နေခဲ့ရတဲ့ တိုက်ပွဲတွေအဆုံး အကုန်မေးတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်ရဲ့အတန်းဖော် ခိုင်ဝတ်မှုန်ဆိုတာ သူ့ရဲ့ ရဲဘော်ကြီး ဦးတင်မောင်ဝင်းရဲ့ သမီး၊ သူ့တပည့်မ ဖြစ်နေတယ်။ အဲဒီလိုလျှောက်မေးနေတော့ ကျနော်က ပြောပြရတယ်။

အံ့သြဖို့ကောင်းတာက ကျနော်ပြောသမျှကို သူက သေသေချာချာကို အာရုံစိုက်ပြီး နားထောင်တာ။ တစ်ခါတစ်ခါတော့ သူမေးတာကို ကျနော်က ''ဘု'' ပြန်တောမိတာလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ဘယ်တော့မှ စိတ်ဆိုးဟန် မပြဘူး။

''အေး … အေး … ခု မပြောချင်လည်း နေ၊ နောက်မှ ပြောပေါ့။ လာ … အခု လမ်းလျှောက်ကြရအောင်''

ဆိုပြီး ကျနော့်လက်ကို ဆွဲပြီး ထ လမ်းလျှောက်တော့တာပဲ။

ဒီအကြောင်း အခု ပြန်တွေးတော့ သူ့မျက်နှာ မြင်ယောင်ပြီး ရင်ထဲ ဆစ်ကနဲ နာကျင်မိတာ အမှန်ပဲ။

အဲဒီလို တရင်းတနှီးနေကြရင်း ကျနော် သူ့ကို ''အဘ'' လို့ ခေါ်ရာကနေ ''ဆရာကြီး''လို့ ပြောင်းခေါ်မိတယ်။ ဘယ်လို ဘယ်လို အဲဒီလို ခေါ်မိတယ်မသိဘူး။ စာသင်တဲ့ ဆရာ၊ အသက်ကြီးလို့ ခေါ်မိတာလား၊ ကဗျာဆရာကြီးမို့လို့ ခေါ်မိတာလားလည်း မသိဘူး။ နောက်ပိုင်း ကျနော်ရော၊ သက်ဝင်းအောင်ရော ဆရာကြီးလို့ ခေါ်ဖြစ်ကြတော့တယ်။

သူက ပထမ သူ့ကိုယ်သူ 'ကျနော်' လို့ ပြောတယ်။ နောက်တော့ 'ကိုယ်' 'မောင်ရင်' လို့ ပြောရာကနေ 'မင်း' 'ငါ' ဆိုပြီး တရင်းတနှီး ဖြစ်လာတယ်။ တခါတလေ

"ဟေ့ကောင်၊ ခွေးကောင် ... ခွေးမသား ... လာ ..."

ဆိုပြီး အာလုတ်သံကြီးနဲ့ တလုံးတခဲ ပြောပြီး ကျနော်ခေါင်းကို သူ့ရင်ဘတ်မှာ ဖိထားတာမျိုး လုပ်တတ်တယ်။ ပထမတော့ အဲဒီလိုခေါ်တာကို ကျနော်မကြိုက်ဘူး။ စိတ်ဆိုးမိတယ်။

"ဆရာကြီး ကျနော့်ကို ဘာဖြစ်လို့ ခွေးကောင်လို့ ခေါ်တာလဲ"

လို့ ပြန်မေးတော့ သူ စိတ်မကောင်း ဖြစ်သွားပုံရတယ်။

''မဟုတ်ပါဘူးကွာ၊ ငါ ဘယ်သူ့ ဖြစ်ဖြစ်၊ ဘယ်လောက် ငယ်ငယ် 'မင်း' 'ငါ' ဆိုတာမျိုးတောင် မသုံးပါဘူး။ မင်းကိုတော့ ငါ ချစ်လို့ ဒီလို ရင်းရင်းနှီးနှီး ပြောတာပါ။ စိတ်မဆိုးပါနဲ့ကွာ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သခင်နုတို့၊ သခင်အောင်ဆန်းတို့ကို အဲဒီလို ရင်းရင်းနှီးနှီး ပြောဆိုတာပဲ''

လို့ ပြန်ပြောတယ်။

အဲဒီက စလို့ သူနဲ့ ကျနော်ကြား ဘယ်အခါ တွေ့တွေ့

''ဟေ့ကောင် ... ခွေးကောင် ... ခွေးမသား ... လာ''

ဆိုပြီး ကျနော့် ခေါင်းကို အတင်းဆွဲ သူ့ရင်ဘက်နဲ့ အတင်း ဖိကပ်ထားတော့တာပဲ။ အဲဒီ သူ ကျနော့်ကို နှုတ်ဆက်နေကျ ပုံရိပ်လေး တခုအဖြစ် ကျနော့်ရင်ထဲ စွဲကျန်နေမိတယ်။

အဲဒီလို သူနဲ့ ကျနော်တို့ ၄ လလောက် အတူနေရာကနေ တနေ့ သူ့ကို စစ်ခုံရုံးကနေခေါ်ပြီး အမိန့်ချမှတ်လိုက်တယ်။ ၄ နှစ် တဲ့။

စစ်ခုံရုံး အမိန့်ချပြီးတာနဲ့ "အကျ"ဆောင် ၅ ကို တန်း ပို့လိုက်တော့ ကျနော်တို့ချင်း မတွေ့ကြရတော့ဘူး။ နောင် သူနဲ့ အကျဆောင်မှာ ပြန်တွေ့တော့မှ စစ်ခုံရုံးအတွေ့အကြုံကို ဖလှယ်ရင်း သူ့ကို ဘယ်လို စီရင်ချက် စွဲတယ်ဆိုတာ သူ ပြန်ပြောလို့သိရတယ်။

စစ်ခုံရုံးက သူ့ကဗျာလေး ဖတ်ပြပြီး စီရင်ချက်ချလိုက်တာ … တဲ့။

ခုံရုံး တရားသူကြီးက သူ့ ကဗျာကို ဖတ်တော့ ယူနီဖောင်းအပြည့်အစုံနဲ့တဲ့။

''လမ်းဘေး သွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသားလေး ... သား ပြန်အလာကို မျှော်နေတဲ့ အမေ တယောက်ရဲ့ အဖြစ် ...'' စတဲ့ ကဗျာလေးပါ။

''ဒီ တခုနဲ့တင် တန် သွားပြီကွာ'' တဲ့။

ဆရာကြီး အမိန့်ချခံရပြီး တလလောက် ထပ်နေပြီးတော့ သက်ဝင်းအောင် အချုပ်ဘဝကနေ လွတ်မြောက် သွားတယ်။ နောက်ထပ် တစ်လလောက် ထပ်နေပြီးတော့ ကျနော့်ကို စစ်ခုံရုံးက ၇ နှစ် အမိန့်ချလိုက်တယ်။ ဒီတော့ ဆရာကြီး ရှိတဲ့ ၅ ဆောင်ကို ရောက်ပြီး သူနဲ့ ပြန်ဆုံရတယ်။

ကျနော့်ကို စစ်ခုံရုံး အမိန့်ချလိုက်တာ မှတ်မှတ်ရရ ၁၉၉၂၊ ဇူလိုင် ၂၃ ရက်နေ့။

ထုံးစံအတိုင်း အကျဆောင်ရောက်တော့ အချုပ်ဆောင်တုန်းကလိုပဲ ပုံစံခန်းဆိုတာ ဝင်ရသေးတယ်။ ကျနော် အမိန့်ကျပြီး ၅ ဆောင် ရောက်တယ် ဆိုတာ ညတွင်းချင်း ဆရာကြီး သိတယ်။ နောက်တစ်နေ့ တန်းဖွင့်ဖွင့်ချင်း သူ ကျနော့်ဆီ ရောက်လာတယ်။

မျက်နှာသုတ်ပုဝါ ပုခုံးပေါ် တင်၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ လက်ထဲ ကိုင်လို့။ ကျနော့်ဆီ လာတွေ့မယ်ဆိုတာ သိနေရက်နဲ့ ဗြုန်းကနဲ အဖြူရောင် ထက်အောက် 'ထောင်ဝတ်စုံ'နဲ့ တွေ့လိုက်ရတော့ ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားတယ်။ အချုပ်ဆောင်တုန်းက အရပ်ဝတ် အရပ်စားနဲ့ တွေ့နေကြလေ။ ခုတော့ ထောင်ဝတ်စုံကြီးနဲ့ ခေါင်းကလည်း ဖွေးဖွေးဖြူလို့။ တွေ့ရတာ တစ်မျိုးကြီးပဲ။

တွေ့တွေ့ချင်း သူကတော့ ထုံးစံအတိုင်း

''ဟေ့ … ခွေးကောင် ... လာ''

ဆိုပြီး ကျနော့် ခေါင်းကိုဆွဲပြီး သူ့ရင်ဘတ်နဲ့ ထိထားတယ်။ ပြီးမှ မျက်နှာ သွားသစ်ရအောင်လို့ ပြောတယ်။ ကျနော်က သူ့လက်ထဲက သွားတိုက်ဆေး၊ သွားတိုက်တံကို တလှည့်၊ သူ့ကို တလှည့် ကြည့်နေတော့၊ သူက …

"ဘာလဲ၊ မင်း ရွံ့တတ်လို့လား။ သွားတိုက်တံက အသစ်ပါ ကွ။ သွားတိုက်ဆေးကို လက်ညှိုးနဲ့ကော်ပြီး တိုက်စရာ မလိုပါဘူး။ မင်းသွားတွေက အကောင်းတွေချည်းပဲ'' တဲ့။

ကျနော်တို့ အချုပ်ဆောင်မှာ ပထမဆုံးတွေ့ခဲ့ကြတဲ့ မြင်ကွင်းလေးကို အမှတ်ရလို့ ပြန်ပြောတာနဲ့ တူပါရဲ့။

ကျနော်လည်း စတွေ့ကြတုန်းက သူပြောခဲ့တဲ့ပုံကို ပြန်ပြောပြီး နှစ်ယောက်သား အားပါးတရ ရယ်မောမိကြတယ်။ အချုပ်ဆောင်မှာတုန်းက ကျနော်က သွားတိုက်ဆေး လာပေးသူ၊ ဒီအကျဆောင်မှာတော့ သူက လာပေးရတဲ့သူ။ ဟိုမှာတုန်းက သူက လူသစ်၊ ကျနော်က လူဟောင်း။ ဒီကျတော့ သူက လူဟောင်း၊ ကျနော်က လူသစ်။ အဲဒီတုန်းက ဇန်နဝါရ နံနက်ခင်း၊ နှင်းတွေ ဝေလို့။ ခုတော့ ဇူလိုင် နံနက်ခင်း မိုးတွေ ရွာ လို့။

ဒီလိုနဲ့ ကျနော်တို့ ၅ ဆောင်မှာ အတူ နေကြရပြန်တယ်။ အခန်းကတော့ မတူဘူး။ သူက ၃၊ ကျနော်က ၄။ မနက်ခင်းတွေမှာ ကျနော်က တောင်ယာထဲ ဆင်း၊ သူက လမ်းလျှောက်ပေါ့။ ညနေခင်းတွေဆို ကျနော်တို့နှစ်ယောက် အတူတူ လမ်းလျှောက်ကြ၊ စကားတွေ ပြောကြနဲ့။ နေ့ခင်းတွေဆို သူက ထုံးစံ အတိုင်း မေးခွန်းတွေ မေး၊ ကျနော်က ဖြေပေါ့လေ။ သူက စာတွေ၊ ကဗျာတွေအကြောင်း ပြောပြတယ်။ ကြုံရင် ကြုံသလို ကဗျာလေးတွေ ညှပ်ပြီး ရွတ်ပြသေးတယ်။ ထူးဆန်းတာက သူရွတ်တဲ့ကဗျာတွေထဲ သူ့ ကဗျာတစ်ပုဒ်မှ မပါတာဘဲ။

''ဧည့်သည်ကြီး'' ကဗျာအကြောင်းတော့ တခုတ်တရ ပြောပြတယ်။ မန္တလေးမှာ သူနဲ့ မောင်စွမ်းရည်၊ မောင်ကြည်အောင်တို့ ကဗျာတွေ စုရေးကြပုံတွေလည်း ပါတယ်။ များသောအားဖြင့် သူ ရွတ်ပြတဲ့ကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာကြီးဇော်ဂျီ ကဗျာတွေပါပဲ။

သူ ပြောပြတဲ့အထဲမှာ ဆရာကြီးဖေမောင်တင်အကြောင်း ၊ ဆရာကြီးဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ နဲ့ အမေမာအကြောင်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ မောင်ကြည်အောင်စတဲ့ သူနဲ့ ခေတ်ပြိုင် ကဗျာဆရာကြီးတွေအကြောင်း ... အစုံပါပဲ။

ခက်တာက သူ ပြောတဲ့ လူတွေအကြောင်း တယောက်မှ ကျနော် မသိတာပဲ။ နာမည်တောင် ကြားဖူးတာ မဟုတ်ဘူး။ ကဗျာဆိုတာ ဘာမှန်းလည်း မသိ။ ခံစားရကောင်းမှန်း၊ ဖတ်ရကောင်းမှန်းတောင် သိတာမဟုတ်ဘူး။ အားနာလို့သာ နားထောင်နေရတာ၊ ပျင်းလည်းပျင်း၊ စိတ်ကလည်းညစ်ပေါ့။ ဒါကို သူ ရိပ်မိတယ်နဲ့ တူပါတယ်။ တနေ့ ကျနော့်ကို ကဗျာနဲ့ ပတ်သတ်ပြီး ဘယ်လို သဘောထားလဲ ဆိုပြီး မေးခွန်း မေးလာတယ်။

ကျနော်ကလည်း သိတဲ့အတိုင်း ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန်နဲ့ ဆိုတော့

''ဟာ ... ကဗျာဆိုတာ လူဘော်ကြော့တွေ၊ အလုပ်အကိုင်မရှိ၊ လူပျင်းတွေ လုပ်တဲ့ အလုပ်ပါ။ ဘာမှန်းလည်း မသိဘူး။ ခံစားလို့လည်း မရဘူး …"

လို့ ပြန်ပြောလိုက်တော့ သူ ခဏ တွေသွားတယ်။ ပြီးမှ ကျနော့်ပခုံးပေါ် လက်တင်ပြီး

"အဲလို မဟုတ်ပါဘူးကွာ။ ကဗျာဆိုတာ အင်မတန် သိမ်မွေ့နူးညံ့တဲ့ ပစ္စည်းပါ။ လူ့နှလုံးသား နူးညံ့ပျော့ပျောင်းဖို့ ကဗျာဖတ်ဖို့ လိုတယ်။ နှလုံးသားကြမ်းတမ်းတဲ့သူတွေဟာ လောကကို အပျက် မြင်တတ်ကြတယ် …"

ဆိုပြီး ကဗျာနဲ့ပတ်သတ်တဲ့ သဘော သဘာဝတွေ တသီတတန်းကြီး ပြောနေပါတော့တယ်။

ဥပမာတွေလည်း အများကြီးပဲ။ ကျနော် အသေးစိတ် မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျနော် ပြောခဲ့တဲ့စကားတွေအတွက် အခု ဆရာကြီးကို လက်အုပ်ချီတောင်းပန်မိတယ်။

တကယ်တော့ ဆရာကြီးဟာ စိတ်နှလုံး နူးညံ့ပျော့ပြောင်းသူပါ။ မတောင်းပန်ခင်က ခွင့်လွှတ်ပြီးသား ဆိုတာ ကျနော် အသေအချာ ယုံတယ်။ ကဗျာကို ရှုတ်ရှုတ်ချချပြောခဲ့တဲ့ ကျနော်၊ ခုတော့ ကဗျာကို ခံစား ဖတ်ရှုနိုင်ရုံမက ကိုယ်တိုင် ကဗျာဖန်တီးသူတစ်ယောက် ဖြစ်ခဲ့ရပြီ ။ ဒီအကြောင်းတွေ ဆရာကြီး သိမှသိသွားပါလေစ။

ကျနော့်စိတ်ကူးထဲ ထောင်ကလွတ်လို့ ဆရာကြီးနဲ့ပြန်ဆုံရင် ပြောမယ့်စကားတွေ ရင်ထဲအပြည့်။ ရင်ဘတ်ကြီးထဲ အကန့်လိုက် ခွဲခွဲ သိမ်းထားခဲ့ရတာတွေ။ ခုတော့ ဆရာကြီး ဆုံးပြီတဲ့။

ဆရာပွင့်ကို ကျနော် တခါက ဒီလို ပြောဖူးတယ်။

"ဆရာပွင့်ထက် အရင် ကျနော် စောလွတ်ရင် ဘာလုပ်ပေးရမလဲ" လို့။

ဆရာပွင့်ကလည်း ကျနော့်ကို ဒီလို ပြန်မေးတယ်။

''ခင်ဗျားထက် ကျနော် စောလွတ်ရင်ကော'' တဲ့။

ဒီတော့ ကျနော်က

"ဆရာကြီးနဲ့ ထိတွေ့ခဲ့ပြီးတဲ့နောက် ကျနော့်နှလုံးသားထဲ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာသူဟာ ဆရာပွင့်ပါပဲ လို့။ အခု ကျနော် အထဲမှာ ဘာတွေ လုပ်နေတယ်၊ ဘယ်လို ကျင့်ကြံနေတယ် ဆိုတာတွေ ဆရာပွင့် အသိဆုံးပါပဲ။ ကျနော့်စိတ်ကူး၊ ကျနော့်အိပ်မက်တွေ၊ ခံစားမှုတွေကို ကောင်းကောင်း သိတဲ့သူဟာလည်း ဆရာပွင့်ပါပဲ။ ကျနော် ဆရာကြီးအပေါ် ဘယ်လို သဘောထားတယ် ဆိုတာလည်း အသိဆုံးပါ။ ဒါကြောင့် ဆရာပွင့် ကျနော့်ထက် စောလွတ်ရင် ဆရာကြီးနဲ့ ဆက်သွယ်ပြီး အဲဒါတွေ ပြောပြပေးပါ"

လို့ ဆရာပွင့်ကို ကျနော် သေသေချာချာ မှာခဲ့ဖူးတယ်။

ဒါတွေသာ သိရင် ဆရာကြီး ဘယ်လောက်များ ဝမ်းသာပီတိ ဖြစ်နေလိုက်မလဲ ဆိုတာ စိတ်ကူးနဲ့ ကျနော် မြင်ယောင်မိပါသေးတော့တယ်။

အခုတော့ ဆရာကြီးမရှိတော့ပါဘူး။ ကျနော် သိစေချင်တဲ့ ကျနော့်ရင်ထဲက စကားတွေ သိမှ သိသွားပါ့မလား။ ဆရာကြီး မဆုံးခင် တနှစ်ခွဲလောက် ကြို ပြီး ဆရာပွင့် လွတ်သွားပါရဲ့။

ဒါပေမယ့် သူ ပြောမှ ပြောဖြစ်ပါ့မလား...။ ပြောချင်အုံးတော့ ပြောခွင့်မှ သာရဲ့လား။ ကျနော့် ရင်ဘတ်ထဲ တဆစ်ဆစ် ကိုက်နေလိုက်တာ။

ဆရာကြီးနဲ့ ကျနော် ၅ ဆောင်မှာ ၅ လလောက်ပဲ အတူနေရသေးတယ်။ ၁၉၉၂၊ ဒီဇင်ဘာ ၇ ရက် ညမှာ ထောင်ဝန်ထမ်းတွေ အုံလိုက်ကျင်းလိုက်ဝင်လာပြီး ကျနော်အပါအဝင် ၁၅ ယောက်လောက်ကို နာမည်ခေါ်၊ ခေါင်းစွပ် စွပ်ပြီး သီးသန့်ထောင်ကို ပို့လိုက်တယ်။ မကြာခင် ကျင်းပတော့မယ့် အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး အထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေတယ်လို့ ယူဆတယ်နဲ့ တူပါရဲ့။ ကျနော်တို့ကို လူစု ခွဲလိုက်တဲ့သဘောပါ။ ဒါကြောင့် ဆရာကြီးနဲ့ တခါ ထပ်ခွဲရပြန်တယ်။ သူက ၅ ဆောင်မှာပဲ ကျန်ခဲ့တာ။

သီးသန့်ရောက်လို့ ဆရာကြီးနဲ့ ဝေးရတော့မှ ကျနော် ဆရာကြီးကို သတိရ ရကောင်းမှန်း သိလာတယ်။ ညနေခင်း လမ်းလျှောက်ခဲ့ပုံတွေ၊ ကျနော့်ကို မေးခွန်းတွေ မေးခဲ့ပုံတွေ၊ ... အစုံပါပဲ။ ဆရာကြီးကို ကျနော် လွမ်းနေပြီလေ။

၅ ဆောင်ကနေ ကျနော်နဲ့အတူ ပြောင်းရွှေ့ခဲရတဲ့ သူတွေထဲမှာ ကိုကျော်ကျော်ဝင်းလည်း ပါတယ်။ သူက ပညာကို ချစ်မြတ်နိုးသူ။ အေးအေးဆေးဆေး နေတတ်ပြီး ကဗျာဖွဲ့ဖို့ ကြိုးစား အားထုတ်နေတဲ့သူ။ သီးသန့်မှာ နေကြတုန်း သူဖွဲ့ဖြစ်တဲ့ ကဗျာလေးတွေ လမ်းလျှောက်ရင်း ကျနော့်ကို ရွတ်ပြလေ့ရှိ တယ်။ ဘယ်လို သဘောလဲ မသိပါဘူး။ အဲဒီ ကဗျာဆိုတာကြီးနဲ့ ကျနော့်ကို လာ လာ ပတ်သတ်နေတာ ပြောပါတယ်။ ကဗျာဆရာကြီးရဲ့ ကဗျာဗေဒ ကွန်ယက်ကနေ လွတ်ပြီ၊ ကျွတ်ပြီ မှတ်တယ်။ ခု ကဗျာဆရာ လေးရဲ့ထောင်ချောက်မှာ ယက်ကန်၊ ယက်ကန်နဲ့ လာငြိနေပြန်ရော။

ဒီလိုနဲ့နေကြရင်း တနေ့မှာ ကျနော်နဲ့ ကိုကျော်ကျော်ဝင်း လမ်းလျှောက်နေကြတုန်း လေအဝှေ့မှာ လွင့်လာတဲ့ စာရွက်တရွက် ကျနော်တို့ ရှေ့တည့်တည့် လာကျတယ်။ ကိုကျော်ကျော်ဝင်းက လှမ်းကောက်ပြီး ဖတ်ကြည့်ကာ ဖတ်ရင်း သူ အံ့သြသွားပုံက ပါးစပ်ကတောင် အသံထွက်လာတယ်။

"ဟေ့လူ၊ ဒီမှာ ကြည့်စမ်း။ ဆရာကြီးရဲ့ ကဗျာလေးဗျ" တဲ့။

ကျနော်လည်း ဆွဲယူ ဖတ်ကြည့်တော့ … အဟုတ်ပဲ ကဗျာခေါင်းစဉ် အပိုင်းတော့ စုတ်ပြဲနေလို့ မပါတော့ဘူး။ ကဗျာအောက်ခြေမှာတော့ 'တင်မိုး' ဆိုပြီး ထင်ထင်ရှားရှား ပါနေသေးတယ်။

'ဆရာကြီးမှိုင်းကို ဖွဲ့ထားတဲ့ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ ကဗျာလေးပါ။ 'ကွမ်းအစ် တလုံး၊ ယောင်တထုံးနဲ့ အစချီပြီး ... သောင်းမြန်ပြည်တန်ခိုး ဒေါင်းအလံ လွှင့်ထိုး' … ဆိုပြီး အဆုံးသတ်ထားတဲ့ ကဗျာလေး။

ဘာပြောပြော ကျနော်ရော၊ ကိုကျော်ကျော်ဝင်းပါ ဝမ်းသာသွားကြတယ်။

"ဒါ ဆရာကြီး ကျနော်တို့ကို ပို့လိုက်တဲ့ မေတ္တာလက်ဆောင်လေးပဲ။ ကျနော်တို့ မကြာခင် ဆရာကြီးနဲ့ ပြန်ဆုံရမယ့်သဘောပဲ"

လို့ ကိုကျော်ကျော်ဝင်းက ပြောတယ်။

ကျနော်လည်း ဒီအတိုင်းခံစားရတယ်လေ။

ဒါကြောင့် ကျနော်တို့ နှစ်ယောက် ဒီကဗျာလေးကို အလွတ်ကျက်ထားပြီး ဆရာကြီးနဲ့ ပြန်ဆုံရင် ရွတ်ပြရအောင်လို့ သဘောတူပြီး ကျက်ထားလိုက်ကြတယ်။

ကိုကျော်ကျော်ဝင်းကတော့ အထဲမှာ ဆရာကြီးနဲ့ ပြန်မဆုံဖြစ်တော့ပါဘူး။ ဘာကြောင့်ဆို အဲဒီစာရွက်ရပြီး မကြာခင်မှာပဲ လွတ်ရက်စေ့လို့ သူ လွတ်မြောက်သွားတယ်လေ။

သူ့ကို လွှတ်ဖို့ လာခေါ်တဲ့အချိန်မှာ ကျနော့်အခန်းရှေ့ ပြေးလာပြီး

"ခင်ဗျား ဆရာကြီးနဲ့ ပြန်ဆုံရင် ဒီကဗျာလေးရပုံ ပြောပြီး အလွတ် ရွတ်ပြလိုက်ဗျာ။ ကျနော့်ကိုယ်စားပါ ၂ ခေါက် ရွက်ပြလိုက်''

လို့ အမှတ်တရ လာ ပြောသွားပါသေးတယ်။

သီးသန့်မှာ ၈ လ လောက် နေရပြီး ကျနော်တို့ကို ထောင်မကြီးထဲ ပြန်ပြောင်းလိုက်ပါတယ်။

ထောင်မကြီး ရောက်လို့ မိန်းဂျေလ်းမှာ ထိုင်ခိုင်းထားပြီး အဆောင်ခွဲပို့ဖို့ လူစစ်ကြတယ်။ ထုံးစံအရ ကိုယ် ထွက်သွားတဲ့ အဆောင်ကို ပြန်ပို့လေ့မရှိဘူး။ ကျနော်က ၅ ဆောင်က ထွက်သွားရတာဆိုတော့ ၃ နဲ့ ၄ ဆောင် တခုခုရောက်ရမယ်။ ဖြစ်ချင်တော့ ဘယ်က ဘယ်လိုခွဲလိုက်တယ်မသိဘူး။ ကျနော်က ၅ ဆောင် ပြန်ရောက်မယ့် စာရင်းထဲပါနေတယ်။ နောင်မှ ပြန်သိရတာက ကျနော် ထွက်သွားခဲ့တဲ့ အဆောင်စာရင်းမှာ ၅ ဆောင်အစား ၃ ဆောင်လို့ ရေးထားတယ်လို့ဆိုတယ်။ ဒါကြောင့် ၃ ဆောင်ကို မရောက်တော့ဘဲ ဆရာကြီး ရှိရာ ၅ ဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်ပါလေရော။

ကျနော်တို့အဆောင်ထဲကို ဝင်တဲ့အချိန်က နေ့ခင်းကြီး ဆိုတော့ ကျန်တဲ့ ရဲဘော်တွေက ထွက်ပြီး ကြိုနေကြတယ်။ ကျနော်လည်း အိပ်ယာလိပ်က တစ်ဖက်၊ ကျန်တဲ့ပစ္စည်းတွေက တစ်ဖက်နဲ့ ၅ ဆောင်ထဲ ဝင်ရုံရှိ သေးတယ်။ လူအုပ်ကြားထဲက ဆရာကြီး ထွက်လာပြီး

''ဟေ့ကောင် ... ခွေးကောင် ... လာ''

ဆိုပြီး ကျနော့်ခေါင်းကို ဆွဲ၊ သူ့ရင်ဘတ်ထဲ ဖိထားတော့တာပဲ။

ကျနော်လည်း အိပ်ယာလိပ်နဲ့ ပစ္စည်းတွေ ပစ်ချလိုက်ပြီး ဆရာကြီးကို ဖက်ထားလိုက်တယ်။

တအောင့်နေလို့ လူချင်းခွာပြီး ဆရာကြီးမျက်နှာ မော့ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေတာ တွေ့လိုက်ရတယ်။ ရုတ်တရက် ကျနော် ကြောင်အမ်းအမ်းဖြစ်သွားတယ်။ ဟုတ်မှာပါ။ ဆရာကြီးက ''ဟေ့ … ခွေးကောင် … လာ'' ဆိုပြီး ရင်ခွင်ထဲ အတင်းဖိကပ်ထားတဲ့အချိန်တိုင်း ကျနော် သူ့ကို ပြန်ဖက်လေ့ မရှိခဲ့ဘူးလေ။ သူ ကျနော့်ခေါင်းကို အတင်း ဖိကပ်ထားလို့1သာ ဒီအတိုင်း နေ နေရတာပဲ ရှိတယ်။ ခုမှ ကျနော်က ပထမဆုံးအကြိမ် ပြန် ဖက်ထားလိုက်မိတာကိုး။ ဖက်ထားတာမှ တအားကို ဖက်ထားတာ။ နဲနဲလည်း ကြာသွားတယ်ထင်ပါရဲ့။ ဒါကြောင့် ဆရာကြီး မျက်ရည်ဝဲ သွားတာဖြစ်မှာ။

ဒါနဲ့ ကျနော်က

"ဆရာကြီး … ခဏလေး။ ဒီ အိပ်ရာလိပ်တွေ သွား ထားလိုက်ဦးမယ်။ ပြီးရင် ချက်ခြင်း ပြန်လာခဲ့မယ်။ ပြောစရာ ရှိတယ် …"

လို့ ပြောပြီး ပစ္စည်းတွေ သွားထားလိုက်တယ်။ ပြီးတာနဲ့ ချက်ခြင်း ပြန်လာပြီး ဆရာကြီးနေတဲ့ ၃ ခန်းမှာ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ကျနော်လည်း လှုပ်လှုပ် ရှားရှားသွားလာခဲ့ရတော့ နဲနဲ မောနေတာနဲ့ အမောဖြေ ထိုင်နေတုန်း ဆရာကြီးက

"ကဲ၊ ပြောစရာရှိတယ်ဆို ... ပြော ... ဘာပြောမှာလဲ''

ဆိုတဲ့သဘောနဲ့ ကျနော့်ကို ပြုံးပြီး ကြည့်နေတယ်။

ကျနော်က …

''တခြားမဟုတ်ဘူး ဆရာကြီး။ ကဗျာ တပုဒ် ရွတ်ပြမလို့"

လို့ ပြောပြီး ''ကွမ်းအစ်တလုံး ယောင်တထုံးနဲ့ …" အစချီပြီး တောက်လျှောက် ရွတ်ပြလိုက်တယ်။ ရွတ်ရင်း သူ့မျက်နှာကို ကြည့်နေတော့ သူ အတော် အံ့သြ သွားပုံရတယ်။ ကဗျာအကြောင်းပြောရင် အမြဲ ညစ်နေတတ်တဲ့ ကျနော်က အခု သူ့ကဗျာကို အလွတ်ရွတ် ပြနေတော့ သူ မအံ့သြဘဲ ဘယ်နေပါ့မလဲ။

" မင်း … ဒီ ကဗျာ ဘယ်လို ရနေတာလဲ။ အရင်က မရပါဘူး …"

လို့ တအံ့တသြ မေးပါတယ်။

ကျနော်က

"ဆရာကြီးပဲ ကျနော်တို့ကို မေတ္တာလက်ဆောင် ပို့ပေးလိုက်တာလေ။ အဲဒီက ရတာပေါ့ …"

လို့ အတည်ပေါက် ဟဲ လိုက်တော့ သူ မျက်မှောက်ကြုတ်သွားတယ်။ သူလည်း မပေးရပါလား၊ ဘယ်လိုပါလိမ့် ဆိုတဲ့ သဘောပေါ့။ အဲဒီတော့မှ ကျနော်က ကဗျာ ရပုံ ထူးထူးဆန်းဆန်းအကြောင်းလေး ပြောပြီး ကိုကျော်ကျော်ဝင်းမှာတဲ့အတိုင်း နောက်တကြိမ်တောင် ရွတ်ပြလိုက်ပါသေးတယ်။

ဆရာကြီး အဲဒီအချိန်တုန်းက ကျနော့်ကို ကြည့်တဲ့ အကြည့်က တမျိုးလေးပဲ။ ကျနော်ပါးစပ်က ကဗျာ ရွတ်နေတာကို သူ အတော် ပီတိ ဖြစ်နေတဲ့ပုံပါ။

ပြီးတော့မှ ကျနော့်ကို သူ့ထုံးစံအတိုင်း ဖြည်းဖြည်း တိုးတိုးလေး ပြောပါတော့တယ်။

''မင်းတို့ ကဗျာရပုံလေး ဆန်းတယ်။ ကျော်ကျော်ဝင်း လွတ်သွားတာ ဝမ်းသာတယ်။ မင်း ကဗျာရွတ်တာ ပိုလို့တောင် ဝမ်းသာသေးတယ်။ ငါလည်း မင်းကို သတိရနေတာ။ ကဗျာ ဆိုတာ နှလုံးသားနဲ့ ထိတွေ့ရတဲ့ အရာပါ။ မင်း နှလုံးသားက ခက်ထန် မာကြောလွန်းတယ်ကွာ။ မင်းမှာ ဖြောင့်မတ်မှု၊ သစ္စာရှိမှုတွေ ရှိတယ်။ သတ္တိလည်း အရမ်းကောင်းတဲ့ ကောင်။ ဒါပေမဲ့ မင်း နှလုံးသား ပျော့ပြောင်းဖို့ လိုနေတယ်။ အဲဒီလို ပျော့ပြောင်းလာတာနဲ့ မင်းဟာ အရမ်းကို ပြည့်စုံသွားမယ့်သူပဲ။ တိုင်းပြည်အတွက် အားကိုးရမယ်။ ငါတို့က အသက်ကြီးလာပြီ ဆိုတော့ နောင်အနာဂတ်အတွက် မင်းတို့လို လူငယ်တွေကိုပဲ အားကိုးရမှာ။ ဒါကြောင့် မင်းကဗျာဖတ်ဖို့ လိုတယ်။ စာတွေ အများကြီး ဖတ်ဖို့ လိုတယ်။ ငါက ကျောင်းဆရာဆိုတော့ ကျောင်းသူ၊ ကျောင်းသားပေါင်း များစွာကို စာသင်ပေးခဲ့ရတယ်။ မင်းက ထူးဆန်းတယ်။ ပြီးတော့ မင်းကို သားတစ်ယောက်လို ချစ်တာပါကွာ..''

လို့ တသီတတန်းကြီး ပြောလိုက်ပါတယ်။

ကျနော် သူ့စကားနားထောင်းရင်း ကြက်သီးမွှေးညင်း ထ သွားတယ်။ ဖော်ပြလို့မရတဲ့ ထူးဆန်းတဲ့ ခံစားမှုလေး ခံစားလိုက်ရတာ။ ဘာမှ မပြောမိဘဲ သူ့ရှေ့ ဒီအတိုင်း ငူငူကြီး ထိုင်နေမိတယ်။ ကျနော့်ရင်ထဲ အသည်းထဲကနေ သိလိုက်ပါပြီ။ ကျနော့်ကို ချည်နှောင်ထားတဲ့ သူရဲ့မေတ္တာကြိုးဟာ ဘယ်လောက်ခိုင်မာ သလဲဆိုတာလေ..။



(ဆက်ပါအုံးမည်..)

(မိုးချိုသင်း ဘလော့က ယူပါတယ်)

0 comments: