မွေးနေ့ ရက်မှာလည်း
ဘေးတွေ့ လျက်သာပဲလို့ 
ကဗျာထဲ ရေးရမလို။
ဘယ်နှနှစ်မြောက်လဲ
ဒါလည်း မဝေခွဲတတ်တော့
ကြေကွဲဇာတ်က အတိပြီးပြန်။
အော့ဇ၀စ်အကျဉ်းထဲမှာလား
နာဇီလက်သစ်တွေ လက်ထဲမလား
မယားနဲ့ သားအတွက် ဗလောင်ဆူ
ဂျပန်ဆူနာမီ ငလျင်လှိုင်းက
ဘာလင်တံတိုင်းကို ကျော်ခဲ့
အဖော်မဲ့သူရဲ့ သောက
လောကပြက်ရယ် ပြုသကို။
ငိုလို့ လဲ မဆုံးတဲ့ ၀တ္ထု
ဒီရာစုမှာ ရေးသား
တရားရှင်ရဲ့  စီရင်ချက်ပေလား
ဘ၀ခါးခါးကိုမှ မြိန်မြိန်ယှက်ယှက်
သေမင်းလက်ကို ပုတ်ထုတ်ခဲ့
နောက်မဆုတ်တတ်တဲ့ ရာဇ၀င်
မွေးနေ့ ရှင်သာ ရေးပေတော့။ ။
(ရဲရင့်သက်ဇွဲ မွေးနေ့ သို့ )
မောင်လွမ်းဏီ
၂၂ မတ် ၂၀၁၁
Where there's political will, there is a way
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Thursday, March 24, 2011
ညီတော်တယောက် ကဗျာကောက်ရခြင်း
Monday, February 14, 2011
ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်ဆုံးလွှင့်ထူလိုက်ကြရဲ့ 
ပဉ္စလက်ဆံဆံ
မှော်အတတ်များ
အတောမသတ်ကြီးထွား
ကောင်းတာကလွဲလို့ 
မကောင်းတာမှန်သမျှ
အကုန်ရတဲ့ နေရာကြီးမှာမွေးဖွားကြီးပြင်း
ကျနော်တို့ ရဲ့  လူငယ်တွေ
လူဖျင်းတွေတော့ မဟုတ်ဘူး ။
အရင်က ဘာတွေဖြစ်ခဲ့လဲ
အခု ဘာတွေဖြစ်နေလည်း
နောက်ဘာတွေ ဖြစ်ဦးမှာလဲ
အကုန်သိတယ်…..။
အရင်က ဘာတွေလိုချင်ခဲ့လဲ
အခု ဘာတွေ လိုချင်နေလဲ
နောက် ဘာတွေလိုအပ်ဦးမလဲ
အကုန်သိတယ် ။
အင်္ဂလိပ် ဗမာ ပထမစစ်
……………….. ဒုတိယစစ်
………………. တတိယစစ်
နယ်ချဲ့ ကျွန် ဖြစ်ခဲ့ရတာ သိတယ် ၊
သူ့ ကျွန်အဖြစ် နွံနစ်မခံ
မျိုးချစ်တွေရဲ့  ပုန်ကန်မှုတွေကို သိတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတယ်
နတ်မောက်နယ်သား ဗိုလ်မင်းရောင်ကို သိတယ်
လယ်သမားအရေးတော်ပုံ ဆရာစံကို သိတယ်
သခင်အောင်ဆန်းကို သိတယ်
သခင်ဗဟိန်းကို သိတယ်
သခင်သန်းထွန်းကို သိတယ်
ဗိုယ်အောင်ကျော်ကို သိတယ် …
သူတို့ မမွေးခင်က သမိုင်း
သူတို့ ရဲ့  ဘ၀ အစိတ်အပိုင်းတခုလိုကို သိတယ်။
သူတို့ မွေးပြီးတဲ့နောက်ပိုင်း
ခမ်းနားကြီးကျယ်တဲ့ 
ကျောင်းသားလှုပ်ရှားမှုသမိုင်း
ပြည်သူလူထု လှုပ်ရှားမှု သမိုင်း
သံဃာ့ လှုပ်ရှားမှု သမိုင်း
ရိုင်းစိုင်းတဲ့ အုပ်စိုးသူလူတစုရဲ့ 
လူမဆန်တဲ့ သမိုင်း
အကုန်သိတယ် ။
မျိုးဆက်တို့ ရဲ့ စီးဆင်းမှု
တာဝန်သိမှု တာဝန်ယူမှုများထဲက
ကိုယ့်ဘ၀ထက် ပြည်သူ့ ဘ၀ကို ပိုချစ်တဲ့
အမေ တယောက်ရဲ့ အကြောင်းကို သိတယ် ။
အရိုင်းစံ အရိုးခံ လူသားဘ၀ကို ချစ်မြတ်နိုးတဲ့ 
သုံးဆယ့်နှစ်နှစ် အရွယ် လူတယောက်
ရာဇ၀င်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေ
စိတ်ဓာတ်နဲ့ စိတ်ထား စံထားလောက်တဲ့တရားများ
မျိုးဆက်သစ်လူငယ်များရဲ့ အကြားမှာ
တောက်ပ ၀င်းလက် အနာဂတ်အတွက်
သူတို့ 
ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်မြတ်ဆုံး လွှင့်ထူလိုက်ကြရဲ့  ……။
ရဲရင့်သက်ဇွဲ
Tuesday, February 8, 2011
ဘာတွေထားခဲ့မလဲ
သေလွန်ပြီးနောက် ပြန်မရောက်ဘူး
လောကလူ့ ရွာ ဤကမ္ဘာဝယ်
ရှင်သန်နေရ တခဏတွင်
နွားခြေရာခွက် ပင်လယ်ထင်လျက်
တပ်မက်တွယ်တာ မနေသာဘူး ---၊
မသေခင်ရ ဒီဘ၀မှာ
ရှာထားစီးပွား ဥစ္စာများအား
အမှန်ထင်အပ် ပုံမအပ်နှင့်
သမုဒ္ဒရာထက် ရေပွက်ပမာ
ရှိသည်သာတည်း ---၊
တမလွန်ခရီး ထွက်သွားနှင့်ပြီ
ဘာမှမပါ လက်ချည်းဗလာ
သိမှတ်ရာတည့်
သောသောညံညံ ငိုကြွေးသံလည်း
နားဝယ်မကြားသာပြီ
ဘာများတတ်နိုင်ဦးမည်နည်း ---၊
ဘ၀သံသရာ ကြင်လည်လာခိုက်
မွေးဖွားသေဆုံး လူဖြစ်ရှုံးရ
အပမ္မာဒေန သမ္မာဒေထ
မမေ့သောတရား နှလုံးသားမှာ
ဆင်ခြင်ကာထား လွတ်မြောက်လေမလား
ကြိုးစားချင်သည် ---၊
ရှင်သန်ခြင်းနောက် ကောက်ကောက်လိုက်ပါ
မရဏမင်းရဲ့  သိမ်ဖျင်းအမိန့် 
အရိပ်ပမာ ကပ်လျက်သာတည့်
ကြောက်စိတ်ကိုပယ် လူ့ ဘုံလယ်တွင်
များကျိုးကိုသာ ရှေ့ ရှုပါလျက်
စေတနာမှန်ပင် စမ်းရေလျင်သို့ 
တသွင်သွင်စီး အေးမြပြီးလျှင်
စာပန်း စာခိုင် စာငုံ စာဖူး
အထူးထူးတို့  ငါလျှင်ရေးဖွဲ့ ချင်ခဲ့ ---၊
မင်း ငါ သူ လူတကာတို့ 
လူ့ ဘုံခန်းဝါ လူတို့ ရွာတွင်
မသေခင်မှာ
ဘာတွေထားခဲ့မည်လဲ ---၊
ရဲရင့်သက်ဇွဲ
၂၀၀၁
Sunday, January 30, 2011
ပန်းဆိုးတန်းသို့  ဖြတ်သန်းခြင်း
အလွမ်းတွေနဲ့  မှိုင်းမှိုင်းဝေနေတဲ့ 
ညနေခင်းကို
လွယ်အိတ်ထဲက ထုတ်ခင်းလိုက်တယ် ….
စာငတ်နေတဲ့ စိတ်က
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ
ထမင်းတနပ်နဲ့ ချိန်ဆ
ဒွိဟဖြစ်နေတယ် ….
အေမီ ဒေစီ ကေသီ
ဝေရီရီ အမှောင်ရိပ်မှာ
စိုးရိမ်စိတ်နဲ့  ဈေးဦးမှပေါက်ပါ့မလား
အရင်အတိုင်းပဲ အပြုံးများ နွမ်းလျ
အိမ်ပြန်ခက်တဲ့ ညတွေကြုံဦးမယ် ….
သစ်ရွက်အသေများပေါ်က
ရက်စက်သောဂီတ
လိုချင်တပ်မက်မှုက
ငါ့ ရင်ကို ချေမွနေတယ်
ခပ်လှမ်းလှမ်းက
ခလေးငယ်ရဲ့ တောင်းရမ်းသံမှာ
အိပ်ကပ်ထဲက အသပြာ
ခေါင်းထောင်ထလာတယ် …..
ငါ မမြင်ဘူးသော မျက်နှာစိမ်းများ
အကောင်းစားကားများ
ကဗျာတစ သတိရတယ်
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည် …..
ပန်းဆိုးတန်းပလက်ဖောင်းတလျှောက်
တလှမ်းချင်းလျှောက်အလာ
အဟောင်းဆိုင်ကလေးရဲ့  စာအုပ်ပုံကြား
ဖူးချစ်ရဲ့  ကြိုးစင်ပေါ်က မှတ်စု
ငါ့ နှလုံးသားကို တူနဲ့ ထုလေတယ် ….
စာအုပ်အဟောင်းတန်းကို ကျောခိုင်း
မြင်နေကြ နွမ်းလျလျမျက်နှာများ
သောကစွန်းထင်း ပေကျံနေသော မျက်ဝန်းများကို
ခပ်ယဲ့ယဲ့ ပြုံးပြ နှုတ်ဆက်ထွက်ခွါ
မောင်လေးအောင်ရဲ့ ကဗျာ
ဖူးချစ်က သင်တို့ ကို ချစ်ခဲ့သည်
ငါ့ အာရုံမှာ ငြိတွယ်လိုက်ပါ …..
ငါ မြင်ဘူးတဲ့ သူတွေနဲ့ 
ငါ စီးးဘူးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ကားများ
တိုးဝှေ့  ဖြတ်သန်း
ငါ့ ၀ိညာဉ်ဟာ အခိုးအငွေ့ အဖြစ်
နာကျင်စွာ ပျံသန်းသွားခဲ့…….။
ရဲရင့်သက်ဇွဲ
၂၆ ၀၁ ၂၀၁၁
Friday, January 28, 2011
မေးခွန်းများ
ငိုကြွေးခြင်းတခုနဲ့ စ
လူ့ ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီ ခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။
တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့  သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း အရှိသားမဟုတ်လား ……။
ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒ မပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ့ ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ ပဲ့တင်ထပ်မျှ ……။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ် …..။
ရဲရင့်သက်ဇွဲ
ဒီဇင်္ဘာ ၂၀၁၀
Wednesday, January 19, 2011
ဇန်န၀ါရီ တဆယ့်ခုနှစ်ရက်
အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။
တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အမှောင်ခန်းလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
အခုတော့ ရာဇ၀တ်သားတွေနဲ့ 
ရောပြွန်းနေတဲ့ အခန်းထဲမှာ
လေးဆယ့်ခုနှစ်နှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။
ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း တဆယ့်သုံးနှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်သုံးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။
သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။
ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။
လေးဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။
ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။
(မော်လမြိုင်ထောင်တွင်းမှ အကိုသို့ )
ရဲရင့်သက်ဇွဲ
Saturday, January 8, 2011
တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း
တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း
ဘ၀ရဲ့ မှတ်တမ်း
ရုပ်ရှင်ထဲက ဇာတ်လမ်းလို
စာတမ်းထိုး ………
လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်က ………
နောက်ခံဂီတသံက
ခေါက်ရှာငှက် ပျံသန်းပုံမျိုး ……။
သတ္ထုနွယ်ကြိုးတွေက
သံစဉ်လှိုင်းများ အပြန်အလှန်သယ်ဆောင်
နုနယ်ပျိုမျစ်သော
နှစ်ကာလတချို့  ……
နှလုံးသားချင်း ဖလှယ်
အတွယ်အတာနဲ့ သမုဒယ
ဘ၀ချိုချို
နှစ်ကာလတချို့  ……
တီတီတာတာ
သား သမီးနဲ့ အတူနေရ
ငါ့ ဘဝ
နှစ်ကာလတချို့ ……
ခွဲနေရဦးမယ်
အတိုင်းအတာ တခုအထိ
မိသားစုနဲ့ ဝေး
နှစ်ကာလ တချို့  …..
ဂလိုဘယ်လိုက်ဇေရှင်းတဲ့ 
ကမ္ဘာ့ရွာ ခေတ်ကြီးထဲမှာ
ကလစ် တချက်နှိပ်ရုံနဲ့ 
အရုပ်မြင် အသံကြား
အလွမ်းက ပါးလျသွားလား
အလွမ်းက အားရသွားလား
နှစ်ကာလတချို့  ……
နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
ညီမလေးရေ ….
အဲဒီ နံနက်ခင်းက
တောင်သမန်အင်းမှာ မြူနှင်းတွေ ဝေနေပုံ သတိရ
မယ်ဇယ်ပင် ခြေရင်းမှာ မြူနှင်းတွေ ဝေနေပုံများ သတိရ
သီချင်းသံတိုးတိုးသဲ့သဲ့ ကြားရဲ့ လား
နောက်ထပ်တို့  မဝေးဘူး ……။
(တယောက်ဘ၀ကို တယောက်ထွေးပွေ့ နှစ်ဆယ့်လေးနှစ်ပြည့် အမှတ်တရ)
ရဲရင့်သက်ဇွဲ ၂၉ ၁၂ ၂၀၁၀
Friday, January 7, 2011
ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်
ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်
ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။
ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။
ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။
ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။
ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊
အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။
(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပွဲဝင်လျက်)
ရဲရင့်သက်ဇွဲ ၂၈ ၁၂ ၂၀၁၀
Saturday, January 1, 2011
တကယ်ပျော်စရာကောင်းရဲ့ လား … နှစ်သစ်
အချိန်က မရောက်သေးဘူး
လူတွေက တယောက်ပြီး တယောက်
ရောက်လာကြတယ် …
စကားဝိုင်းတွေရဲ့ 
ရေချိန်က မြင့်တက်လာပြီ …..။
တိုင်းရေး ပြည်ရေး
တော်လှန်ရေး ဝေဖန်ရေး
အသံများ အဆံများ
စကားလုံးဖြင့်
သွေးချောင်းစီး သတ်ဖြတ်မှုများ
ဘီယာဗူးခွံများ
အရက်ပုလင်းများ
အဆီပြန်မျက်နှာများ
အချိန်က နီးလာပြီ ……..။
ဘယ်သူ ဘယ်ဝါ
ရောက်မလာသေးဘူးလား
အသေအချာ ပြောထားရက်နဲ့ 
ဒီမှာ လူစုံနေပြီ
တဖျစ်တောက်တောက် ရေရွတ်ပူပန်(ပင်)
အချိန်က နီးလာပြီ …….။
ရေ(ရည်)တွက်သံများ ဆူညံလာ
ဟေး သံပြိုင်အော်သံ
ဟက်ပီးနယူးရီးယား
ဖန်ခွက်ချင်းတိုက်ကြ
လူချင်းပွေ့ ဖက်ကြ
ပျော်ရွှင်မှု အဆိုင်အခဲတွေနဲ့  ပြစ်ပေါက်ကြ
အချိန်ရောက်ပြီ …..။
ပျော်ရွှင်စရာ မြင်ကွင်းဟာ
ကြေကွဲစရာတွေနဲ့  ပြည့်နှက်နေတယ်
ကောင်းကင်ကို မော့ကြည့်တဲ့အခါ
ကြယ်ကြွေတွေက
ငါ့ကို … နှုတ်ဆက်သွားကြ …..
သံတိုင်တွေနောက်က
အုတ်နံရံတွေအနောက်က
နောင်တော် အမတော်တို့ 
ညီငယ် ညီမငယ် ရဲဘော်တို့ 
နှစ်သစ်ရဲ့ ညမှာ … သင်တို့ ကို
ဘယ်သူမှ သတိတယမရှိကြလည်း
အသင်တို့ ကတော့
ယုံကြည်ချက်နဲ့  နှစ်တွေကို
သစ်မြဲသစ်နေကြမယ်ဆိုတာ
ငါ …ယုံတယ်။
သင်တို့ မလွတ်မြောက်သရွေ့ 
ရောက်ရောက်လာတဲ့ နှစ်သစ်တွေဟာ
ငါတို့ အတွက်
ပျော်ရွှင်စရာ မဟုတ်ပါ ….
မိတ်ဆွေတို့  ရေ
နှစ်သစ်ဟာ ငါတို့ အတွက်
ပျော်ရွှင်စရာမဟုတ်ပါဘူး …….။
(မိတ်ဆွေများခင်ဗျား လွတ်လပ်စွာကွဲလွဲခွင့်ရှိပါသည်)
ရဲရင့်သက်ဇွဲ ၃၁ ၁၂ ၂၀၁၀
Saturday, December 25, 2010
အမေ့အပေါ် သားတို့  မတရားမှန်းသိပေမယ့်
၁။
ဝေဒနာနဲ့  စစ်ခင်း
သေခြင်းတရား ဒေသနာ
ငါ … နာကြားတုန်း
အမေလွတ်မြောက်ခြင်းသတင်း
ငါ့ မြင်ကွင်းထဲ စီးဆင်းလာတယ် …..။
၂။
တို့ ပြည်သူ ဟစ်ကြွေးတဲ့
ခွပ်ဒေါင်းသံ
ကမ္ဘာကိုလွှမ်းခြုံ
မိုးမြေသိမ့်သိမ့် တုန်လေပြီ …..။
တည်ငြိမ်မှု ရင့်ကျက်မှု
ရဲရင့်မှုတို့ နှင့်အတူ
အနာဂတ်မြန်မာပြည်အတွက်
လွတ်လပ်မယ့် အလင်းရောင်
အမေ့မျက်ဝန်းမှာ တောက်ပြောင်လို့  …..။
၃။
တလှမ်းခြင်း လှမ်းလာတဲ့
ခြေလှမ်းတိုင်းရဲ့ ခွန်အားမှာ
အမှန်တရားဟာ
ဖ၀ါးခြေထပ်မျှလိုက်ပါ …..
…………………………………..
အမှန်တရားဟာ
ဖ၀ါးခြေထပ်မျှ လိုက်ပါ …..။
၎။
ဝေဒနာသည်တယောက်
တီဗွီဖန်သားပြင် ရှေ့ မှောက်မှာ
ရှိုက်ကြီးတငင် မျက်ရည်တွေကျလို့ 
အဲဒီနိုင်ငံသားတွေက အံ့သြတကြီးကြည့်လို့ 
မျက်ရည်ကြားက တတွတ်တွတ် ရေရွတ်သံ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
အမေ … သက်တော်ရာကျော်ရှည်ပါစေ
ပတ်ဝန်းကျင်မှာ လွင့်ပျံ့ နေခဲ့ …..။
ရဲရင့်သက်ဇွဲ
၁၃ ၁၁ ၂၀၁၀
(အမေလွတ်မြောက်သောနေ့  ဆေးရုံပေါ်မှ ခံစားမှု)
Tuesday, December 21, 2010
ငါတို့ အားလုံး အမေနဲ့ အတူ
ဆိုးသွမ်းယုတ်မာမှုတွေကို
နှစ်ထောင်တဆယ် ရွေးကောက်ပွဲကြီးနဲ့ 
ပါရမီဖြည့်နေကြပုံများ
ဘုရားကအောက် မျောက်ကအထက် ဆိုသလိုမျိုး
တို့ တိုင်းပြည် အဖြစ်ဆိုး
ကိုယ်ကျိုးတော့ နည်းပါပြီ …..။
ကံကိုသာ ယိုးမယ်ဖွဲ့ 
စုတ်သသတ်သတ်နဲ့ 
ရပ် ကြည့် သွား နေရတဲ့ ဘဝများမှာ
မနိုင်၍ သည်းခံရခြင်းတရား … ကြီးထွားလာ
မကျေနပ်မှုများ ရင်ဘတ်တွေထဲ … ကြီးထွားလာ
တရားသဖြင့် မတရားမှုများ ဖေါ်ထုတ်ပြောဆိုလိုခွင့် … ကြီးထွားလာ
ယုံကြည်ချက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုမှု …ကြီးထွားလာ …..။
ကြီးထွားလာမှုများ
မှန်ကန်စွာပေါက်ကွဲထွက်ဘို့ 
လူထုတိုက်ပွဲနဲ့  လက်နက်ကိုင်တိုက်ပွဲ
ဟန်ချက်ညီ ချိတ်ဆက်ကြ
အမေပေးတဲ့ အားဆေး
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
ငါတို့ သွေးသားထဲမှ ရုန်းထ
အမေ့ကို ဝန်းရံကြ
အမေနဲ့  အတူတကွ
ငါတို့  ချီတက်ကြ …..။
ရဲရင့်သက်ဇွဲ
၁၉ ၁၂ ၂၀၁၀
Saturday, December 18, 2010
ဒေ၀ဒတ်တွေ ကတဲ့ဇာတ်
ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ
အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ….။
ဘာသာ သာသနာကို ဖျက်ဆီး
သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တ၀ါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် …..။
အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒ္ဓ၀င် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ …..။
ဘုန်းကြီးတစ္ဆေ ထက်ဆိုးတဲ့ ကောင်တွေမို့ 
ကမ္မ၀ါသာမက
ဘယ်ဘာသာနဲ့ မှ ခ၀ါချလို့ လဲမရ
အမေရေ …..
အခုတော့
ဒင်းတို့  … ဒေ၀ဒတ်ဇာတ်တော်ကြီးကို
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ …..။
ရဲရင့်သက်ဇွဲ
၁၆ ၁၂ ၂၀၁၀
Sunday, December 12, 2010
၉၆ ဒီဇင်္ဘာတမ်းခြင်း
မသေသောစိတ်ဓာတ်များ
မှတ်ကျောက်တင်ရာ
မတရားမှုပြုသူများ
ကြောက်ဒူးတုန်ရာ
ကိုယ့်လိပ်ပြာကိုယ်မလုံသူများ
စိတ်ယောက်ယက်ခတ်ရာ
အို … ဒီဇင်္ဘာ …..။
နီစွေးသောသွေးတို့ ရဲ့ 
တိုက်ပွဲခေါ်သံ
ခေတ် စနစ် အသစ်
အသစ် အသစ် အသစ်
ပညာတွေ သစ်စေဘို့ 
လူနေမှုတွေ သစ်စေဘို့ 
ဟောင်းနွမ်းတဲ့အတွေးအခေါ်များ သစ်စေဘို့ 
မိစ္ဆာတို့ ရဲ့ ရင်ကိုဖေါက်ထွင်း
မြားအစင်းစင်း ပြစ်ခွင်းခဲ့ရာ
အို … ဒီဇင်္ဘာ …..။
နားစွင့်ထားကြ
တဟုန်ထိုး ပျံသန်းလာတဲ့
ခွပ်ဒေါင်းတောင်ပံရိုက်ခတ်သံ
ကြားကြရဲ့ လား …
ကြားကြရဲ့ လား …
သင်တို့ ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်ထားကြ
သင်တို့ ရဲ့ ရင်ဘတ်တွေနဲ့ ဆီးကြိုပွေ့ ဖက်ကြ …..။
လမ်းမပေါ်က သွေးစက်တွေဟာ
သင်တို့ ရဲ့ ခန္ဓာကိုယ်ထဲကသွေးတွေနဲ့  ထပ်တူထပ်မျှသာပ
မြင့်မြတ်သူတို့ ရဲ့  ယုံကြည်ချက်အောင်လံတော်
စစ်အာဏာရှင်တို့ ရဲ့  အလောင်းတွေအပေါ်
တလူလူလွှင့်ရမှာပေါ့ ညီအကိုတို့ရာ
အို … ဘယ့် ဒီဇင်္ဘာ …..။
(စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်)
ရဲရင့်သက်ဇွဲ ၄ ၁၂ ၂၀၁၀
ဥရောပ ဝေဒနာညများ
တုန်ခြင်း နှေးခြင်း
လေးလံခြင်း ရွေ့ မရခြင်း
ဝေဒနာများက
သေရွာကို တွန်းပို့ နေတဲ့ကြား
စာတိုပေစနဲ့ လွမ်း
ပါရမီဖြည့်ဖက်ကို တမ်းတတယ် …..။
အမေအို ဘယ်လိုနေရှာမလဲ
နရသိန်ထဲက ငါ့ သူရဲကောင်း
သူပုန်နဲ့ သူ့ ရဲဘော်ရဲဘက်များ
ဆယ်စုနှစ်တခု့ နီးပါး
ယုံကြည်တွဲလက်ခိုင်မြဲခဲ့သူများ
သမီး သား တူမများ
အလွမ်းဓာတ်က
ချူပ်တည်းတဲ့ကြား
ထိုးဖောက်စီးဆင်းသွားမြဲ …..။
လူမျိုး မတူဘူး
ဘာသာစကား မတူဘူး
ရာသီဥတု မတူဘူး
ဒါပေမယ့် တူတာတွေကိုစု
ငါတို့ လိုချင်တဲ့ စံနစ်တခု
သူတို့  ထုဆစ်ထားနိုင်ခဲ့ကြတယ်
အဲဒီစံနစ်အောက်မှာပါပဲ
အမေပေးတဲ့ အသက်တချောင်း
ဖြောင်းကနဲကျိုးကြေ
သူတို့ တတွေလက်နဲ့ 
ငါ အသက်ဆက်ရှင်သန်ခဲ့ရ …..။
ဘ၀ကတော့
မရေရာမသေချာသေးဘူး
ညစဉ် အိပ်မက်ထဲမှာ
ရထားဥသြသံ ကြားရမြဲ .....။
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )
ရဲရင့်သက်ဇွဲ ၁၀ ၁၁ ၂၀၁၀
Wednesday, October 6, 2010
ကလိယုဂ်
ကလိယုဂ်တဲ့
ခေတ်ဆိုး ခေတ်ပုပ်
ခေတ်ယုတ်ကြီးထဲမှာ
သေသော်မှတည့် သြော် ကောင်း၏ လို့ 
အမျက်ဖြေ အလင်္ကာတေး တစနဲ့ 
ငါတို့ ရဲ့  ဘ၀တွေကို
ချွေးမသိပ်လို ။
နာဂစ်မုန်တိုင်းအပြီး
အသက်ရှင် ကျန်ရစ်သူ
အမယ်အို တဦးရဲ့ုစကားလို
ကံဆိုးလို့ အသက်ရှင် ကျန်ခဲ့ရသူတွေပါ တဲ့
အဲဒီလို စကားမျိုးနဲ့ 
ခေတ်ကြီးကို
စကားနာ မထိုးလို ။
တောမီးတွေလောင်တော့
တောကြောင်တွေ လက်ခမောင်းခတ်ကြ
နေရာလိုသူတွေက အလုအယက်
နေရာရှာကြ
ကြာကြာဝါးမယ့် သွားများ
ပူးပြီး ပေါင်းပြီး တိုက်မည့်
သူရဲကောင်းယောင်ယောင်များ
မှန်းချက် နဲ့  နှမ်းထွက်မကိုက်
ကိုယ့်ထိုက် နဲ့  ကိုယ့် ကံ
ပြည်သူလူထုကြီးရဲ့ တံတွေးခွက်မှာ
ပက်လက်သာအမျောခံကြပေတော့
ပြည်သူတို့ ရဲ့ အောင်ပွဲဟာ
ကလိယုဂ်ခေတ်ကြီးကို
ဖေါက်ခွဲပြစ်ခဲ့ပေါ့ ။
ရဲရင့်သက်ဇွဲ
(စက်တင်ဘာ၂၀၁၀)
Sunday, August 22, 2010
ဝေဒနာတွေကို ငါ ကြောက်တယ်
ဘယ်အရာမှ
မတည်မြဲဘူး
မီးခိုး တိမ်ခိုးများလို
လေနှင်ရာ ရွေ့ လျား
သောကများနဲ့ ထွက်ခွါ
ရေကြည်ရာ မျက်နုရာ ။
မွန်းတည့်ချိန် နေရဲ့ 
တောက်လောင်မှုလိုမျိုး
အလိုရမ္မက်တို့ 
တဖျင်းဖျင်းတောက်လောင်
ဒုက္ခတရားများက
အာသာငမ်းငမ်း
ဟိန်းဟောက် ခြိမ်းချောက်
ဝေဒနာတွေကို ငါ ကြောက်တယ် ။
သူစိမ်းတို့ ရဲ့  မြေပေါ်မှာ
မစိမ်းသူတို့ ရဲ့ 
ဝင်ကစွပ် ဘ၀များ
ပြိုလွယ် ပျက်လွယ်
ကိုယ်ခံအားနည်းသူတွေအတွက်
သမာဓိ အားကောင်းဘို့ တော့ လိုမယ် ။
ဝေဒနာတွေကို ငါကြောက်တယ် ။
အားတင်းထားဟေ့
ငါက ငါ့ကို ပြန်အားပေး
ငါက ငါ့ကို ပြန်ဆွဲထူ
ကိုယ်ထူ ကိုယ်ထ
အဲဒါမှ ဘ၀က လှမယ်
ဝေဒနာတွေ တော့ ငါကြောက်တယ် ။
ရဲရင့်သက်ဇွဲ
၂၀ ၈ ၂၀၁၀
Saturday, August 7, 2010
မငြိမ်းသောမီး
From: Ye Yint Thet Zwe
နှစ်ဆယ့်နှစ်နှစ်တဲ့လား
ချစ်ခြင်းများစွာနဲ့ 
ဖြစ်ခြင်း ပျက်ခြင်း တရားများ
တရွေ့ ရွေ့  … ခရီးရှည် …။
ပေးဆပ်ခြင်းများ
ဘ၀ အမျိုးမျိုး အဖုံဖုံ
ဟောဒီ … လူ့ ဘုံကြီးမှာ
တချို့  … ကောက်ရိုးမီး
တချို့  … မငြိမ်းသောမီး
တချို့  … မီးခဲပြာဖုံး
တချို့  … တောက်မယ့်မီးခဲ တရဲရဲ
စသည်ဖြင့် …
ကိုယ့်ရွေးချယ်မှုနဲ့  ကိုယ်
ခေတ်တွေကို ဖြတ်သန်းသွားခဲ့ကြ …..။
နာရီတွေ ရာသီတွေ
တဖြုတ်ဖြုတ်ကြွေ
အသက်တွေ လွတ်လပ်ခွင့်တွေ
တဖြုတ်ဖြုတ်ကြွေ
လူ့ ဘောင်ကြီးတခုလုံး
တဖြုတ်ဖြုတ်ကြွေ
ကမ္ဘာမကြေတေးသံ ဝေတဲ့မြေပေါ်မှာ …။
သတိတယ ရှိကြဟေ့
အမှောင်ခေတ်ကြီးရဲ့ အကြောင်းကို
ပြန်ပြောင်းပြောပြ
အရိုးပုံထဲက တွန်သံများ
ကုန်းရုန်းထကြ
အနာဂတ်ဟာ အမှန်တရားနဲ့  ၀င်းလက်တောက်ပလို့  …။
(ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၂ နှစ်ပြည့်သို့ )
၂၄ ဂျူလိုင် ၂၀၁၀
Thursday, December 17, 2009
ကျန်စစ်သား … ငါ့ကို ခိုးပြီ
၁။
နေ့ တွေ ညတွေ
နေတွေ လတွေ
တရွေ့ ရွေ့ တိုက်စား
လှိုက်စားလာတဲ့ ဝေဒနာမှာ
ဘာကို ယုံလို့ 
ဘာတွေ ပုံအပ်ရမှာတဲ့လဲ ။
၂။
ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
ဟောဒီ အမှောင်ထုထဲမှာပဲ
အကြောက်တရားနဲ့ ချောက်ချားနေကြတော့မှာလား
အကြောက်တရားနဲ့  ဖောက်ပြားသွားတော့မှာလား ။
ဇာတ်တူသားစားတဲ့  လူတန်းစားတရပ်
အမြစ်ဖြတ်ဖို့ လိုပြီ ။
မာယာများတဲ့ ကစားပွဲထဲ
ကံစမ်းမဲများ ပါလေမလား
အရောင်ပြောင်းလွယ်တဲ့
ဦးဆွေးဆံမြေ့  အမှုထမ်းလိုသူများရဲ့ 
အလိုရမ္မက်ဟာ
ပြိုကွဲပျက်စီးခြင်းနဲ့  အဆုံးသတ်ရလိမ့်မယ် ။
၃။
ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ 
ဆူးစူးတာပဲ ခံရမယ် ။
အသက်ကို ဉာဏ်စောင့်တယ်
အောင်ပွဲနဲ့ အနာဂတ်ကို အမှန်တရားစောင့်တယ်
အဲဒီကြားက မင်းစောလူးရဲ့ 
ကျန်စစ်သား ငါ့ ကို ခိုးပြီ ဆိုစကား
မင်းတို့ နှုတ်ဖျားက ထွက်ကျလာရင်
မင်းတို့ ထိုက်နဲ့  မင်းတို့ ကံ
ခွေးသေ ၀က်သေ ကျန်ခဲ့ပေတော့
အဖန်ဖန်အခါခါ ကျွန်ပြု ခံကြပေတော့ ။
၎။
အယုတ် အလတ် အမြတ် မရွေး
သမိုင်းပေးတာဝန်အရေးကို
ကိုယ့်အရေးလိုတွေး
နှစ်ထောင့်ရှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပေး
နှစ်ထောင့်တဆယ် ရွေးကောက်ပွဲကို
ဖျက်သိမ်းပေး
ဇျက်သိမ်းပေး ဖျက်သိမ်းပေး အရာများစွာ
ရွှေဂုံတိုင် ကြေညာစာတမ်းသာ
တတိုင်းပြည်လုံးရဲ့  အသက်ဖြစ်တယ်။
ရဲရင့်သက်ဇွဲ
၂၀၀၉ ဒီဇင်ဘာ ၁၄
Monday, October 5, 2009
[Ye Yint Thet Zwe] လာမယ့်ဘေးပြေးတွေ
ရောက်လာမယ့် အဓမ္မ နေ့ ရက်များအတွက်
ဇာတ်တူသား စားသူများရဲ့ 
အလိုတူ အလိုပါတွေက
မိုးတွင်းဖားတွေလို
သူခိုးသေဖော်ညှိကြ ။
ဟောဒီ
တို့ ချစ်တဲ့မြေပေါ်မှာ
မတရားမှုများ
အားကောင်းမောင်းသန် ၊
လိမ်ညာလှည့်ဖျားမှုများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် နှပ်ကြောင်းများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် အက်ကြောင်းများ
အားကောင်းမောင်းသန် ၊
ယုံကြည်ချက် သံမဏိ ဓါးသွား
နှစ်ကာလများထဲမှာ
ဟိုတိမ်း ဒီယိမ်း
ဒေ၀ဒတ်ရဲ့ ဇာတ်သိမ်းမျိုး
ဒီရေ ဒီမြေပေါ်မှာ
ဒီလိုလူတွေနဲ့ အတူ အသက်ရှင်ခဲ့ ရတော့
အကောင်းဆုံးကိုမျှော်လင့်
အဆိုးဆုံးအတွက်လည်း အသင့်ပြင်ထားကြ
တပ်လှန့် သံကြားတယ်
ငါတို့ 
လာမယ့်ဘေးပြေးတွေ့ ရုံပါပဲ ၊
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်ရမှာပါပဲ၊
(၂၀၁၀ ရွေးကောက်ပွဲနေ့ ရက်များသို့ )
ရဲရင့်သက်ဇွဲ (၂၀၀၉ အောက်တိုဘာ ၂)
Monday, August 3, 2009
ရှစ်လေးလုံးဘာဝနာ
သမီးရေ
ရောက်ခဲ့ပြန်ပေါ့ သြဂက်စ်သို့ တစ်ခေါက်
နှစ်ဆက်တစ်ရဲ့ ရှစ်ရက်မြောက်မှာ
မိုးတွေအုံးဆိုင်း အဲ့ဒီနေ့ ပေါ့ 
နေကမပူ မိုးလဲမရွာ
ဗမာပြည်နိမိတ် မသေချာတဲ့ပုံရိပ်တွေ
သမိးရေ
မှတ်မိပြန်ပေါ့ရှစ်လေးလုံးဆိုတာ
သမိုင်းစာမျက်နှာ
အသေညစ်တဲ့ နေဝင်းရဲ့ဆိုရှယ်လစ်
မြေမှာပြားပြားဝပ်
ဒါ--------ဒုတိယတော်လှန်ရေး
သွေးတွေနဲ့ စတေးခဲ့
ဘဝတွေနဲ့ ရင်းခဲ့
သမီးရေ
ရှစ်လေးလုံးသွေးတွေညှီစို့ နေတုန်း
ရှစ်လေးလုံးကြွေးတွေ ပေးဆပ်နေတုန်း
ရှစ်လေးလုံးမာန် ဝင့်ထန်နေတုန်း
ရှစ်လေးလုံးနတ်ပူးကပ်နေတုန်း
သမီးရေ
စောင့်ကြည့်ဦးပေါ့
မိုးမလင်းခင်တော့ညည့်ဆိုတာနက်စမြဲ
ဝဋ်ဆိုတာလဲ လည်ကြစမြဲ
အမှန်တရားဟာ မြက်နှာမလိုက်သလို
ရှည်လျားတဲ့ မိစ္ဆာညလည်း
အာရုဏ်ကျင်းတော့ ပျောက်ကွယ်မြဲပါကွယ်
သမီးရေ
ရှစ်လေးလုံးသံစဉ်မချိုခဲ့သမျှ
အာဏာရှင်ဇာတ်သိမ်းသွေးနဲ့ လိမ်းဖို့ 
တုန်းပြန်ဂလဲ့စား ပြုမိမှားနဲ့ 
စစ်ခွေးနိဂုံး အငြင်သာဆုံးဖြစ်အောင်
ဆုတောင်းပေးနော်
သမီးရေ
နေမင်းထိန်ထိန်(ကိုနေအောင်)

