Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Friday, October 24, 2008

မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဆစ်ဝါဒ-From: "Tom Brown"

မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဆစ်ဝါဒ
ဘာတေး လင့်တ်နာ | အောက်တိုဘာ ၃၀၊ ၂၀၀၇

အကယ်၍ ကားလ်မာ့က်စ်သာ မှန်ခဲ့မည်ဆိုလျှင် သမိုင်းက
ဝမ်းနည်းကြေကွဲဖွယ်အဖြစ် တပတ်ပြန်ကျော့လာသည်ဟု ဆိုရ မည်ဖြစ်ပြီး
မှားယွင်းနေသောအချက်မှာ မြန်မာနိုင်ငံက ဤ၀မ်းနည်းကြေကွဲဖွယ်အဆင့်တွင်သာ
ပိတ်ဆို့ ရပ်တန့်နေရခြင်း ဖြစ်သည်။ မကြာသေးမီ ရက်ပိုင်းများအတွင်းက
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့်
အကြမ်းဖက်ဖြိုခွဲမှုများ သည် အရေးနိမ့်ခဲ့ရသော ၁၉၈၈
ဒီမိုကရေစီလှုပ်ရှားမှုကြီးနှင့် အလားတူ ပြန်ပြောင်းအမှတ်ရဖွယ် ဖြစ်သည်။
အချိန်ရလာ သည်နှင့် အမျှ လုံခြုံရေးတပ်ဖွဲ့များက လူထုကို ကောင်းစွာ
ရိုကျိုးလာစေရန် ထိန်းချုပ်နိုင်ခဲ့ပြီး ကမ္ဘာကြီး၏ မခံ မရပ်နိုင်
ဒေါသထွက်ရမှုများသည်လည်း ထိရောက်မှုမရှိသော အဆံပလာ တုံ့ပြန်ချက်များအဖြစ်
ပြောင်းသွားခဲ့ကြသည်။ နောက်ဆုံး ချုပ်ငြိမ်းသွားသည့်
အနေအထားရောက်ခဲ့ရသည်။

အရှေ့ဥရောပနှင့် ယခင်ဆိုဗီယက်ယူနီယံ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော
"အရောင် တော်လှန်ရေးများ" နှင့် နှိုင်းယှဉ်ကာ မြန်မာနိုင်ငံရှိ
လူထုလှုပ်ရှားမှုကို အောင်ပွဲခံနိုင်မည်ဟု တွက်ဆခဲ့ကြပြီး အစပိုင်း လူအများ
စိတ်တက်ကြွနေဆဲကာလတွင် အနောက်တိုင်းသတင်းမီဒီယာများကလည်း
"ရွှေဝါရောင်တော်လှန်ရေး"ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အကြောင်းက ဦးဆောင်
လှုပ်ရှားခဲ့ကြသည့် ရဟန်းသံဃာတော်များကို ရည်ညွှန်းခဲ့ခြင်းဖြစ်ပြီး
တချိန်က အာရှဒေသအတွင်း ကြွယ်ဝ
ချမ်းသာခဲ့သည့် နိုင်ငံကို ဆင်းရဲမွဲတေကပ်ဆိုက်စေခဲ့သော၊ လူအများက
လိုလားလက်ခံမှုလည်း မရှိတော့ပြီဖြစ်သော စစ် အစိုးရကို အပြီးတိုင်
ဖြုတ်ချနိုင်တော့မည်ဟု မျှော်လင့်ထားခဲ့ကြသောကြောင့်လည်း ဖြစ်သည်။

ရဟန်းတော်များ၏ စိတ် ဓာတ်ရေးရာပိုင်းအရ လွှမ်းမိုးထားနိုင်သည့် အရေးပါသော
သြဇာတိက္ကမ၊ အဆင့်မြင့်နည်းပညာ များကြောင့် ပြင်ပကမ္ဘာသို့ သတင်းများ
လျှင်မြန်စွာစီးဆင်းလာနိုင်မှု အနေအထားတို့ ပေါင်းစပ်၍ လူအများတွင်
ဤကဲ့သို့ အကောင်းဘက်ပြောင်းလဲ လာတော့မည့် စိတ်လှုပ်ရှားမှုများ
ဖြစ်ပေါ်လာခဲ့ရခြင်းလည်း ဖြစ်သည်။ အမေရိကန်အစိုးရက လည်း ပိုမိုပြင်းထန်သော
ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာခဲ့ပြီး နောက်ဆုံး ယခင်က ဖိအားပေးစကား
အလျှင်းပြောကြား ခဲ့ဖူးခြင်း မရှိသည့် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ
နိုင်ငံများအဖွဲ့ (အာဆီယံ) တို့ကပါ ပြင်းထန်သောစကားလုံးများဖြင့်
ထုတ်ပြန် ကြေငြာချက်များ ပြုလာခဲ့ကြရသည်။

သို့သော်လည်း လက်တွေ့အမှန်တရားမှာ ၁၉၈၈ ခုနှစ် အခြေအနေနှင့် စာလျှင်
သိသိသာသာ မည်သို့မျှ ပြောင်းလဲလာမှု မရှိသေးခြင်းပင် ဖြစ်သည်။
ပြောရမည်ဆိုလျှင် မြန်မာစစ်အစိုးရက ယခင်ကထက်ပင် ပိုမို၍
အားကောင်းလာခဲ့သည်။ စစ် အစိုးရအနေဖြင့် ကြုံဆုံရင်ဆိုင်လာရမည့် အသစ်သော
ပြည်တွင်း၊ နိုင်ငံတကာ ဆန့်ကျင်ဝေဖန်မှု မိုးကြိုးမုန်တိုင်းများ အတွက်
ပြင်ဆင်ထားပြီးသား အဆင်သင့်ရှိနေပြီ ဖြစ်သည်။


မြန်မာနိုင်ငံရှိ အဆက်ဆက်သော စစ်အစိုးရများ၏ ရှင်သန်ရပ်တည်နိုင်မှုမှာ
အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံရေး အတွင်း ထူးခြားအံ့ဖွယ်များအနက်
တခုဖြစ်နေခဲ့ရသည်။ ဤပဟေဠိပုစ္ဆာ အတွက် အဓိကကျသော အဖြေမှာ ရန်ကုန်ရှိ
စစ်အစိုးရကို နားလည်ထားရမည့် အချက်မှာ "သာမန်" စစ်အစိုးရမျိုး
မဟုတ်ခြင်းပင် ဖြစ်သည်။ ၎င်းကို ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊
ပါကစ္စတန်နှင့် အခြားသော ဒေသတွင်းရှိနိုင်ငံများ၏ စစ်အစိုးရများနှင့်
နှိုင်းယှဉ်ရန် မဖြစ်နိုင်ပါ။

၁၉၆၂ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းချိန်မှစ၍ ၎င်းက နိုင်ငံ၏
အစိုးရအာဏာကိုသာ ထိန်းချုပ်ထားခြင်း မဟုတ်၊ စီးပွားရေးအာဏာကိုပါ
ထိန်းချုပ်ထားခဲ့ပါသည်။

နောက်ပိုင်းတွင် "မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ" ကျင့်သုံးမည်ဟု
ဆိုခဲ့ပါသည်။ ဆိုလိုသည်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှု များ အားလုံးကို
ပြည်သူပိုင်သိမ်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ဦးစီးချုပ်ကိုင်ထားသည့်
ကော်ပိုရေးရှင်းတချို့ထံ လွှဲပြောင်းပေးခဲ့ သည်။ အိန္ဒိယနှင့်
တရုတ်နွယ်ဖွား အများစုဖြစ်သည့် ယခင်ကုန်သည်ကြီးဓနရှင်များလည်း
မြန်မာနိုင်ငံမှ စွန့်ခွာထွက်သွားခဲ့ ကြရပြီး မြန်မာနိုင်ငံမှ
ပညာတတ်အများစုလည်း ထွက်ခွာခဲ့ကြရသည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု
မတိုင်မီက အရှေ့ တောင်အာရှ နိုင်ငံများအနက် လူနေမှုအဆင့်အတန်း
အမြင့်ဆုံးနိုင်ငံတခု ဖြစ်ခဲ့ပြီး ပညာတတ်လူဦးရေအများစု ရှိခဲ့သော
နိုင်ငံလည်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ စစ်တပ်သည်သာ
တိုင်းပြည်၏ထိပ်သီး လက်ရွေးစင်အုပ်စုဖြစ်ခဲ့သည်။

မြန်မာစစ်တပ်၏ ယန္တယားသည်လည်း နိုင်ငံကြီးအတွင်း
နိုင်ငံလေးဆောက်ထားသည့်သဖွယ် ဖြစ်လာခဲ့သည်။ စစ်တပ်မှ တပ်မတော်သားများ၊
၎င်းတို့၏ မိသားစုဝင်များ၊ မှီခိုသူများမှာ အထူးအခွင့်အရေးခံများ ဖြစ်ကြပြီး
သာဓကအားဖြင့် ထိုင်း နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ စစ်တပ်များထက်
အခွင့်အရေးပိုယူထားခဲ့ကြသည်။ ၎င်းအိမ်နီးချင်းနိုင်ငံများတွင် ယေဘုယျ
အားဖြင့် သဘောထားကွဲလွဲတည်ရှိနေကြသည့် ဗဟုအယူအဆကို အနည်းနှင့်အများ
ဆိုသလို လက်ခံကျင့်သုံးခဲ့ကြပြီး စစ်အာဏာရှင်များ အုပ်စိုးထားသော
အမှောင်လွှမ်းသည့်ကာလများတွင်ပင် အခြားအင်အားစုများက ရှင်သန်လှုပ်ရှားခွင့်
ရှိခဲ့ကြသည်။

နောက်ဆုံးဖြစ်ပွားခဲ့သော ၁၉၈၈ လူထုအုံကြွမှုကြီးအပြီးတွင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တခန်းရပ်နိဂုံးချုပ်ခဲ့ရသည်။ အကြောင်းမှာ
ရန်ကုန်မြို့တွင် ဖြစ်ပျက်ခဲ့သော ရက်စက်ကြမ်းကြုတ်စွာ
ဖြိုခွဲချေမှုန်းမှုကို ပြစ်တင်ဝေဖန်နေကြသော နိုင်ငံ တကာ အသိုက်အ၀န်းကို
အနည်းဆုံးချွေးသိပ်နိုင်ရန်အတွက် ဖြစ်သကဲ့သို့ တဘက်တွင်လည်း
လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်တွင် သူတို့စစ်တပ်အတွက်
ပိုမိုအကျိုးအမြတ်ရှိနိုင်သည်ကို သဘောပေါက်သောကြောင့်လည်း ဖြစ်သည်။
အနည်းဆုံး လူ ၃,၀၀၀ ကျော် အသက်ဆုံးခဲ့ရသော ၁၉၈၈ ခုနှစ်
သွေးထွက်သံယိုချေမှုန်းမှုများအပြီး အာဏာသိမ်း စစ် အစိုးရက
ပုဂ္ဂလိကလုပ်ငန်းများနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုခွင့်ပြုပေးခဲ့ကာ မြန်မာ့နည်း
မြန်မာ့ဟန် အရင်းရှင်စနစ်ကို အစားထိုးခဲ့ပြန်သည်။ သို့သော်လည်း
အနှစ်သာရမှာ စစ်တပ်ကလွှမ်းမိုးချုပ်ကိုင်ထားသော စီးပွားရေးစနစ်သာ ဖြစ်သည်။

စစ်တပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိန်းချုပ်ထားမှု မရှိသော၊
စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးသမားများ က ချုပ်ကိုင်မထားသော
စီးပွားရေးလုပ်ငန်းများဟူ၍ အနည်းငယ်သာ ရှိသည်။ စစ်တပ်နှင့် နီးစပ်သည့်
စီးပွားရေးသမားများ တွင် အသက် ၄၃-နှစ်အရွယ် ဦးတေဇက တဦးအပါအ၀င် ဖြစ်ပြီး
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေ၊ ၎င်း၏မိသားစု နှင့် နီးစပ်သူလည်း
ဖြစ်သည်။ ဦးတေဇပိုင် ထူးထရိတ်ဒင်းကုမ္ပဏီမှာ မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးမြို့တော်သစ် "နေပြည်တော်" ဆောက်လုပ်ရေးကန်ထရိုက်ရသည့်
ကုမ္ပဏီနှစ်ခုအနက် တခုလည်း ဖြစ်သည်။ အခြားကုမ္ပဏီတခုမှာ အေးရှဝေါအုပ်စုဖြစ်
ပြီး လော်စစ်ဟန်၏သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်က
ဦးဆောင်နေသည့် ကုမ္ပဏီ ဖြစ်သည်။ လော်စစ်ဟန် မှာ ၁၉၇၀ ခုနှစ်များတွင်
အမေရိကန်အစိုးရ အာဏာပိုင်များက ရွှေတြိဂံဒေသအတွင်း ဘိန်းဘုရင် ဟု
သတ်မှတ်ဖော်ပြခံခဲ့ရသူလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် စစ်တပ်မိသားစုများအတွက်
အထူးကျောင်းများနှင့် ဆေးရုံများလည်း ရှိသေးသည်။ ၎င်းတို့က သီးခြား
ခွဲခြားထားသော၊ အစိုးရက ထောက်ပံ့ထားသော အိမ်ရာများတွင်
နေထိုင်ခွင့်ရှိကြပြီး ပြင်ပကုန်စုံဆိုင်များတွင် မရနိုင်သည့်
ကုန်ပစ္စည်းများကိုလည်း ၀ယ်ယူနိုင်သည့် အခွင့်အရေး ရကြသည်။ စစ်တပ်က
ထုတ်ပေးထားသည့် လက်မှတ် ကိုင်ဆောင်ထားသူက ရထား၊ လေယာဉ်များတွင် ထိုင်ခုံ
လွယ်လင့်တကူ ၀ယ်ယူရနိုင်ကြပြီး ၎င်းတို့က စည်းကမ်းဥပဒေ ချိုးဖောက်လျှင်လည်း
ရဲများက အရေးမယူဝံ့ကြပါ။ စစ်တပ်၏ အရံအင်အားဟု ဆိုကြသည့်
လူထုနောက်ခံအင်အားရစေ ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်း(USDA) ကိုလည်း ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြပြန်သည်။
ဤအဖွဲ့က ယခု အခါ အဖွဲ့ဝင်အင်အား ၂၁ သန်းရှိနေပြီဟု ကြွေးကြော်နေပါသည်။
သို့သော်လည်း အစိုးရ၀န်ထမ်းများနှင့် အရပ်သား များကို မ၀င်မနေရ
အတင်းအကျပ် ထည့်သွင်းထားမှုများကြောင့်သာ ဖောင်းပွနေခြင်း ဖြစ်ပါသည်။

၁၉၈၈ လူထုအုံကြွမှု ဖြစ်သည့် တိုင် တိုင်းပြည်ကို အုပ်ချုပ်နေခဲ့သော
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကဲ့သို့ပင် အခြေမခိုင် သည့် သဲရုပ်တု
သဲရဲတိုက် သဖွယ်သာ ဖြစ်ပါသည်။ လွန်ခဲ့သော ၁၉ နှစ်ကာလက မဆလပါတီပြိုကျခဲ့
သကဲ့သို့ပင် လူထု လှုပ်ရှားမှု လှိုင်းထန်လာချိန်၌ ပြိုလဲကျဆင်းရမည်သာ
ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်တန်ခိုးထွားလာခြင်းက ဗြိတိန်ထံမှ ၁၉၄၈ ခုနှစ်
ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးရပြီး မကြာ မတင်ကပင် စလာခဲ့သည်။
ကွန်မြူနစ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များက
ရန်ကုန်အစိုးရကို အုံကြွဆန့်ကျင် ခဲ့ကြပြီး နိုင်ငံ၏
အရှေ့မြောက်ပိုင်းတွင် မော်စီတုန်းဦးဆောင်သည့် တရုတ်ကွန်မြူနစ်ကို
အရေးနိမ့်ထွက်ပြေးလာသည့် ချန်ကေရှိတ် တရုတ်အမျိုးသား ကာကွယ်ရေးတပ်များက
နေရာယူထားခဲ့ကြသည်။ လွတ်လပ်ရေးရစဉ်ကာလက မြန်မာ့ တပ်မတော်မှာ အင်အား
၁၅,၀၀၀ ခန့်နှင့် ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့အချို့သာ ရှိသည်။
သို့သော်လည်း ပြည်တွင်းစစ် ကြောင့် ၁၉၅၅ ခုနှစ်တွင် စစ်တပ်အင်အားက တပ်သား
၄၀,၀၀၀ အထိ တိုးချဲ့လာခဲ့ပြီး အခြားစီးပွားရေးလုပ်ငန်းများဖြစ် သော
သင်္ဘောသယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းနှင့်
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများတွင်လည်း ခြေချပတ်သက်နေခဲ့ပြီ ဖြစ်သည်။
နိုင်ငံကြီးအတွင်း နိုင်ငံငယ်တည်နေရာမှ ၁၉၆၂ ခုနှစ်တွင်
နိုင်ငံတော်တခုလုံးကိုပါ စစ်တပ်က၀ါးမြိုခဲ့တော့ သည်။ ထိုအချိန်တွင်
စစ်တပ်အင်အားက ၁၀၄,၂၀၀ အထိ ရောက်လာခဲ့ပြီ။ နောက်ပိုင်း ၁၉၇၆ ခုနှစ်တွင်
စစ်တပ်အင်အား ၁၄၀,၀၀၀ အထိ တိုးတက်လာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ၁၆၀,၀၀၀၊
၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားချိန်တွင် တပ်မတော်ကြည်း အတွင်း၌ ၁၈၀,၀၀၀ နှင့်
အခြားတပ်ဖွဲ့ ၃ ခုပေါင်းလျှင် ၂၀၀,၀၀၀ ခန့်အထိ ရှိနေခဲ့ပြီ ဖြစ်သည်။

ယခု အချိန်တွင်တော့ ကြည်း-ရေ-လေ စစ်တပ်အင်အားစုစုပေါင်းမှာ ၄၀၀,၀၀၀
ခန့်အထိ တိုးတက်လာသည်ဟု ခန့်မှန်းကြ ပြီး မြန်မာ့တပ်မတော်၏ ခေတ်သစ်
သမိုင်းတလျှောက်လုံးနှင့် နှိုင်းယှဉ်လျှင် အကောင်းမွန်ဆုံး
လက်နက်တပ်ဆင်ဖြည့်ဆီး ထားနိုင်သော ကာလလည်း ဖြစ်သည်။ အထူးသဖြင့်
တရုတ်နိုင်ငံမှ လက်နက်များ အလုံးအရင်းနှင့် ၀ယ်ယူဖြည့်တင်းထားခဲ့ သည်။
နောက်ဆုံးအကြိမ် စစ်တပ်အင်အားတိုးချဲ့ ဖြည့်တင်းမှုမှာ တိုင်းရင်းသား
လက်နက်ကိုင်သူပုန် အင်အားစု များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော
ကာလတွင်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်တာကာလအတွင်း ပုံမှန်အားဖြင့်
တိုက်ပွဲများ တခြိမ်းခြိမ်းနှင့် ဆူပူမတည်ငြိမ်ဖြစ်နေတတ်သည့်
မြန်မာနိုင်ငံ၏ တောင်တန်းဒေသများတွင် တိုက်ပွဲဟူ၍ ကျိုးကြဲမျှသာ
ရှိနေခဲ့သည်။ ယခုတကြိမ်တွင် ပစ်မှတ်ထားသော ရန်သူမှာ ပြည်သူလူထုကြီး
တရပ်လုံးဖြစ်နေ တော့သည်။

တရုတ်နိုင်ငံက ပံ့ပိုးပေးနေမှုကလည်း စစ်တပ်က အာဏာမြဲနေနိုင်ခြင်းအတွက်
အကြောင်းတခု ဖြစ်နေသည်။ တရုတ်နိုင်ငံ ၏ လိုလားမှုက "တည်ငြိမ်မှု" ဖြစ်ပြီး
အစိုးရ အပြောင်းအလဲကို မလိုလားပါ။ ယခုနှစ် ဇန်န၀ါရီလက အမေရိကန်နှင့်
ဗြိတိန်တို့ ဦးဆောင်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်
မြန်မာ့အရေးဆုံးဖြတ်ချက်ချနိုင်ရန် တင်သွင်းခဲ့ရာတွင် အဖွဲ့ဝင်
နိုင်ငံအများက ထောက်ခံခဲ့ကြသော်လည်း တရုတ်နိုင်ငံက ရုရှားနှင့်အတူ
ဗီတိုအာဏာသုံးကာ ပိတ်ပင်ခဲ့ပါသည်။ မြန်မာ စစ်အစိုးရအနေဖြင့်
ဒေသဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု သူတို့ မယူဆကြောင်း
တရုတ်နိုင်ငံက ခုခံပြောဆို ခဲ့ပြီး မြန်မာနိုင်ငံအတွင်း
အစိုးရဖိနှိပ်နေမှုများအတွက် ဆွေးနွေးရန်၊ ဆုံးဖြတ်ချက်ချရန်
လုံခြုံရေးကောင်စီသည် နေရာမှန် မဟုတ်ကြောင်းလည်း ဆိုခဲ့ပါသည်။
လှုပ်ရှားသူများက ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပမည့်
ဘေဂျင်းအိုလံပစ်ကို
ဝိုင်းဝန်းသပိတ်မှောက်ပါရန် တောင်းဆိုနေသည့်ကြားမှပင် တရုတ်နိုင်ငံက
ပြောင်းလဲလာ၍ မြန်မာစစ်အစိုးရကို ပြစ်တင်
ဝေဖန်ရန် အလားအလာ မတွေ့ရသေးပါ။ ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့်
ရက်စက်စွာချေမှုန်းမှုများအတွင်း မြင်တွေ့ခဲ့ကြရ သော ဓာတ်ပုံများအရ
မြန်မာစစ်သားများက တရုတ်နိုင်ငံလုပ် တီ-၅၆ (T-56)
မောင်းပြန်သေနတ်များဖြင့် ကိုင်စွဲချေမှုန်းခဲ့ ကြသည့် အပေါ်တွင်လည်း
တုံ့ပြန်ပြောဆိုမှု မပြုခဲ့ပါ။

ဤမငြိမ်မသက်မှုများကို ဖြိုခွဲရာတွင် တရုတ်နိုင်ငံက ပါဝင်ကူညီပေးမှု
မရှိသလောက်ဖြစ်ကြောင်းလည်း ၎င်းက ငြင်းချက် ထုတ်နိုင်ပါသည်။ သို့သော်လည်း
၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာ့တပ်မတော် ခေတ်မီရေးအစီအစဉ်များက စစ်တပ်အတွင်း
တပ်မတော်သားများ သစ္စာရှိမှုကို ခိုင်မာစေပြီး ဤအရေးပါသော အချက်ကြောင့်
လက်ရှိ စစ်အစိုးရတည်မြဲနေရသည်ကို ငြင်းမရနိုင်ပါ။ စစ်တပ်က
ညီညွတ်နေသမျှကာလပတ်လုံး အပြောင်းအလဲဖြစ်ရန် မျှော်လင့်ထား၍
မရနိုင်သကဲ့သို့ စစ်တပ် အတွင်း အကွဲအပြဲရှိနေသည်ဟု ယုံကြည်ရလောက်သော
သတင်းများကိုလည်း ထူးထူးခြားခြား မကြားကြရပါ။ အာဏာ အလွဲသုံးစား လုပ်နေမှု၊
ခံစားနေကြရသော အထူးအခွင့်အရေးများနှင့် ကြိုက်သလို
နှိပ်စက်ခွင့်ရနေသမျှကာလပတ်လုံး နိုင်ငံကို ပိုမိုဖွင့်ပေးခြင်း၊
ပွင့်လင်းမြင်သာမှု ရှိစေခြင်းဖြင့် စစ်တပ်အတွက် အကျိုးများစေမည် မဟုတ်ပါ။
ဆုံးရှုံးနစ်နာဖွယ် သာ ဖြစ်သည်ဟု စစ်တပ်က မြင်ကြပါလိမ့်မည်။
နိုင်ငံခြားတွင် အခြေစိုက်ထားကြသော အတိုက်အခံအဖွဲ့များက "တွေ့ဆုံ
ဆွေးနွေးရေး"၊ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး" ဟူသော စကားလုံးများကို
ပြောဆိုရန် နှစ်သက်ကြပါလိမ့်မည်။ သို့ သော်လည်း လူကြားကောင်းရုံ
စကားလုံးများသာဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေနှင့်
မကိုက်ညီလှပါ။ အကြောင်းမှာ စစ်တပ်က ၎င်းကိုယ်တိုင်မှလွဲ၍ အခြားမည်သူနှင့်မျှ
စကားပြောမည် မဟုတ်သောကြောင့် ဖြစ်သည်။

ရန်ကုန်အခြေစိုက် အနောက်တိုင်းသံတမန်တဦးက တချိန်က မိမိကို ပြောင်ပင်
ဖွင့်ပြောခဲ့ဖူးပါသည်။ "သူတို့ကြောက်နေ တာကတော့၊ တကယ်လို့ သူတို့သာ
အတူတူတွဲမနေကြဘူးဆိုရင် တကွဲစီ ကြိုးပေးခံရမှာကို ကြောက်နေတာပဲ" ယခုလည်း
စစ်အစိုးရက ၎င်း၏ကျမ်းရိုးစာသားများကို ပြန်လှန်ဖတ်နေကြပြန်ပြီ ဖြစ်သည်။
"အဖျက်အမှောက်များ" "ပြည်တွင်းပြည်ပ အဖျက်သမားများ"ကို စွပ်စွဲ
အပြစ်ပုံချနေကြပြန်သည်။ စက်တင်ဘာလ ၂၄ ရက်နေ့က သာသနာရေး ၀န်ကြီးဌာန
ဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ပြောသော မိန့်ခွန်းတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွန်ခဲ့သော ၁၈-နှစ်ကာလကပင် ပြို
ကွဲခဲ့ပြီဖြစ်သည့်) ဗမာပြည် ကွန်မြူနစ်ပါတီ၏ လက်ကျန်များ၊ နိုင်ငံခြား
သတင်းဌာနများ စသည့် "နိုင်ငံရေးအစွန်းရောက်" အင်အားစုများက သံဃာများနှင့်
အခြားသူများ ဆန္ဒပြစေရန် သွေးထိုးခဲ့ကြသည်ဟု စွပ်စွဲခဲ့ပါ သည်။ ထို့အပြင်
သူက ဤ အခြေအနေကို "ငြင်သာစွာ" နှင့် "သတိကြီးစွာဖြင့်"
ထိန်းသိမ်းကိုင်တွယ်နေကြောင်းလည်း ပြောခဲ့ပါသေးသည်။

ယခုအခါ ၁၉၈၈ လူထုအုံကြွမှု အပြီး၌ ဖွဲ့စည်းခဲ့သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ကိုလည်း ချိနဲ့အောင်
နှိပ်ကွပ် ထားနိုင်ပြီ ဖြစ်သည်။ ၎င်း၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ
လူထုထောက်ခံမှုရှိသော်လည်း အိမ်အကျယ် ချုပ် ချခံ ထားရသည်။ အန်အယ်လ်ဒီ
ခေါင်းဆောင်ပိုင်းတခုလုံး မဟုတ်လျှင်သော်မှ မူလပါတီစတင်
တည်ထောင်ခဲ့သူတို့ မှာ သေသူ သေ၊ ထောင်ကျသူကျဖြင့် ပြန့်ကျဲနေပြီဖြစ်ပြီး
တချို့မှာလည်း နိုင်ငံရေးလှုပ်ရှားမှုများကို စွန့်လွှတ်ခဲ့ကြပြီ ဖြစ်သည်။
အန်အယ်လ်ဒီပါတီ၏ လူငယ်အဖွဲ့ဝင်အများစုမှာလည်း ထောင်ချခံရ၊
ကျိုးနွံအောင်နှိပ်ကွပ်ခံရ၊ ပြည်ပ ထွက်ပြေး ကြရဖြင့် ရှိနေခဲ့သည်။
အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် ပြောရေးဆိုခွင့်ရှိသူ လူကြီးတချို့သာ
ကျန်ရှိနေတော့သည်။ ၎င်းတို့အားလုံး မှာလည်း ပါတီကို ဆက်လက်သယ်ဆောင်နိုင်မည့်
စည်းရုံးရေးအင်အားနှင့် လူထုထောက်ခံမှု မရှိကြ။ ၎င်း၏ တည်ရှိနေမှုက
စစ်တပ်အတွက် ပို၍ အကျိုးဖြစ်နေစေတော့သည်။ ပြင်ပ ကမ္ဘာက မျှော်ကြည့်ပါက
အန်အယ်လ်ဒီသည် စစ်တပ်မဟုတ်လျှင် အစားထိုးနိုင်ဖွယ် အင်အားစုတခုအဖြစ်
မမြင်ကြတော့ပါ။

ပြင်ပအင်အားစုများကလည်း မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသည့်
ဗိုလ်ချုပ်များအပေါ် ထူးထူးခြားခြား သြဇာမညောင်းလှပါ။ အနောက်ကမ္ဘာက
ပိတ်ဆို့ချမှတ်ထားသော အရေးယူမှုများကလည်း အနည်းငယ်သာ အာနိသင်
သက်ရောက်မှုရှိပါသည်။ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်း အေဆီယံနိုင်ငံများက
ဆက်လက်ကုန်သွယ် ရင်းနှီးမြှုပ်နှံနေကြပါသည်။ ဤအနေ အထား တွင်
မြန်မာဗိုလ်ချုပ်များကလည်း မြန်မာနိုင်ငံ၏ ဖောသီကြွယ်ဝသည့်
သဘာဝအရင်းအမြစ်များကို အသုံးချရင်း၊ ၎င်း၏ မဟာဗျူဟာကျသည့် ပထ၀ီအနေအထားကို
အသုံးချကစားရင်း ဆက်လက် ရပ်တည်နေနိုင်ကြပါသည်။ မြန်မာနိုင်ငံ၏
ကြွယ်ဝသော အရင်းအမြစ်များကို တရုတ်နိုင်ငံက ၁၉၈၈ အရေးတော်ပုံ
မတိုင်မီကပင် မျက်စိကျနေခဲ့ကြပါသည်။

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဒု ၀န်ကြီးဟောင်း ပန်ကျီ (Pan Qi) က ၁၉၈၅
ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဘေဂျင်းရီဗျူး၌ "အနောက်တောင်ဘက်ကို
တံခါးဖွင့်ခြင်း၊ ကျွမ်းကျင်သူ ပညာရှင်တဦး၏အမြင်" ဟူသော ဆောင်းပါး တစောင်
ရေးသားခဲ့ရာ၌ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များဖြစ်သော ယူနန်နှင့်
စီချွမ်ပြည်နယ်များကို တိုးတက် လာစေရန် မြန်မာနိုင်ငံကိုဖြတ်၍
အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်းရှာနိုင်မည့် အလားအလာကို
ဖော်ပြထားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ မြောက်ပိုင်း ရထားလမ်းဆုံး
မြစ်ကြီးနားနှင့် လားရှိုးမှ ရထားဖြင့်သော်လည်းကောင်း၊
ဧရာဝတီမြစ်ကြောင်းမှ သော်လည်းကောင်း တရုတ်ကုန်ပစ္စည်းများတင်ပို့နိုင်သည့်
အခြေအနေကို ဖော်ပြရေးသားထားခဲ့ပါသည်။

၁၉၉၁ ခုနှစ် နောက်ပိုင်းကာလတွင် တရုတ်ကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏
ညံ့ဖျင်းလှသော ကားလမ်းနှင့် ရထားလမ်း များ ဖွံ့ဖြိုးစေရန်အတွက်
အခြေခံအဆောက်အဦ စီမံချက် အများအပြားကို ကူညီခဲ့ကြပါသည်။
ထိုနှစ်အတွင်းမှာပင် တရုတ် စစ်ရေးအကြံပေးများလည်း ရောက်ရှိလာခဲ့ကြပါသည်။
၁၉၅၀ ခုနှစ်များကာလက မြန်မာ့တပ်မတော်လေ့ကျင့်ရေး အတွက်
သြစတေးလျအကြံပေးများ ရောက်လာခဲ့သည့် နောက်ပိုင်း ပထမဦးဆုံး
နိုင်ငံရပ်ခြား စစ်အကြံပေးများ ပြန်လည် အခြေချ ရောက်ရှိလာကြခြင်းပင်
ဖြစ်သည်။ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော တရုတ်လက်နက်တန်ဖိုး
ပမာဏ စုစုပေါင်းကို မသိရှိကြရပါ။ သို့သော်လည်း
ထောက်လှမ်းရေးသတင်းရပ်ကွက်များ အဆိုအရ အမေရိကန်ဒေါ်လာ ၁. ၄ ဘီလီယံမျှ
ရှိမည် ဟု ခန့်မှန်းကြပါသည်။

မြန်မာနှင့် တရုတ်အာဏာပိုင်များ နီးကပ်ဆက်ဆံလာမှုအပေါ် အိန္ဒိယနိုင်ငံကလည်း
အစိုးရိမ်ပိုလာပါသည်။ တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို
ချေဖျက်နိုင်ရန်အတွက် ကနဦးတွင် အိန္ဒိယက မြန်မာ့ဒီမိုကရေစီအင်အားစုများကို
ထောက်ပံ့ပေးခဲ့ပါသေးသည်။ သို့သော်လည်း အနီးကပ်ကာလ အနာဂတ်တွင်
အာဏာရလမ်းမမြင်သည့် အခြေအနေကို သဘောပေါက်လာကြသည့်အခါ အိန္ဒိယကလည်း
စစ်အစိုးရဘက် ယိုင်လာပါတော့သည်။ နယူးဒေလီ အစိုးရ၏ လိုလား ချက်မှာ
မြန်မာနိုင်ငံကို တရုတ်သြဇာမှ ကင်းဝေးစေရေးမျှသာ မဟုတ်ပါ။
ကြီးထွားတိုးတက်လာနေသော အိန္ဒိယ နိုင်ငံ၏ စီးပွားရေးစနစ်ကို
လောင်စာကျွေးရန် လိုနေပြီး မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသော
သဘာဝဓာတ်ငွေ့များကိုလည်း ရယူ တင်သွင်း လိုနေကြပါသည်။

မကြာသေးမီကာလ အရေးအခင်းများတွင်လည်း တရုတ်နိုင်ငံက ကုလသမဂ္ဂ
လုံခြုံရေးကောင်စီတွင် စည်းနှောင်သက်ဝင်မှု ရှိသော
မြန်မာ့အရေးဆုံးဖြတ်ချက်များ မချနိုင်စေရန် တားဆီးပိတ်ပင်နေသကဲ့သို့
စက်တင်ဘာလ ၂၆ ရက်နေ့တွင် အိန္ဒိယ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကလည်း
အနှစ်အသားမပါသော ထုတ်ပြန်ကြေငြာချက်များသာ ပြုနေခဲ့ပါသည်။ "အိန္ဒိယ
အစိုးရက မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်ပူပန်နေကြောင်းနှင့်
အနီးကပ်လေ့လာနေကြောင်း၊ အင်အားစုအသီးသီးက ပြဿနာကို ငြိမ်းအေးစွာ
တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဉ်များတွင် အင်အားစုအားလုံး
ပါဝင်နိုင်စေရန်၊ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အစဉ်သဖြင့်
ယုံကြည်ထားပါကြောင်း" မျှသာ ဆိုခဲ့ပါသည်။

ဤအခြေအနေများကြောင့် မြန်မာစစ်ဗိုလ်ချုပ်များက
အာဏာခြေကုတ်မြဲနေနိုင်ကြပြီး အနောက်ကမ္ဘာ၏ ပြစ်တင်ရှုံ့ချမှုများ ကိုလည်း
အလွန်အမင်း စိုးရိမ်ဖွယ် မရှိလှပါ။ သို့သော်လည်း သူတို့အတွက်
လုံးဝအခြေခိုင် လုံခြုံလှပြီဟုတော့ မဆိုနိုင်ပါ။ အကြောင်းမှာ
မြန်မာပြည်သူအများက သူတို့ကို အလွန်အမင်း မလိုလားကြောင်း သိထားကြပြီး
လွန်ခဲ့သောနှစ်အတွင်း တွင် လှုပ်ရှားမှုများက အသစ်တဖန်ပြန်၍
ပုံပေါ်အားကောင်းလာခဲ့ပါသည်။ ဤလှုပ်ရှားမှုတွင် ၁၉၈၈ အရေးတော်ပုံမှ ထွက်ပေါ်
လာသည့် ၀ါရင့်လှုပ်ရှားသူများလည်း ပြန်ပါလာခဲ့ပြီး ၎င်းတို့အနက်
အထင်ရှားဆုံးမှာ မင်းကိုနိုင်ဖြစ်ပါသည်။ စစ် အစိုးရက ၎င်းကို ၁၉၈၉ ခု
မတ်လတွင်ဖမ်းဆီး၍ တကိုယ်တည်း ၁၆ နှစ် နီးပါးထိန်းသိမ်းထားခဲ့ပြီးမှ ၂၀၀၅
ခုနှစ် နိုဝင်ဘာ လတွင် ပြန်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်ကာလက
မင်းကိုနိုင်မှာ အသက် ၂၆ နှစ်အရွယ် သတ္တဗေဒ ကျောင်းသား တဦးသာ ဖြစ်ခဲ့ပြီး
ထောင်သောင်းချီသော လူထုကို မိန့်ခွန်းပြောလှုံ့ဆော်ဦးဆောင်နိုင်ပါသည်။ သူ
ထောင်မှ လွတ်လာသည့် အခါ အသက် ၄၂ နှစ် ရှိပြီဖြစ်ပြီး
ထောင်တွင်းဒဏ်ရာဒဏ်ချက်များက သူ၏မျက်နှာနှင့် ခန္ဓာတွင် အထင်းသား
ကျန်ခဲ့ပါ သည်။ ၂၀၀၅ ခုနှစ်တွင် သူ့ကိုမြင်ရသည်မှာ
ရုပ်ရင့်ရော်သွားခဲ့ပြီး အိုမင်းသွားပုံ ပေါက်နေပါသည်။ သို့သော်လည်း သူ၏
တိုက်ပွဲဝင်စိတ်ဓာတ်ကိုမူ စစ်အစိုးရက မဖြိုခွင်းနိုင်ခဲ့ပါ။
"မြန်မာပြည်သူတွေအနေနဲ့ မတရားမှုတွေကို ငြင်းဆန်လိုက်ဖို့၊ အမှန်တရားကို
အမှန်အတိုင်းပြောဖို့ သတ္တိရှိရပါလိမ့်မယ်"ဟု၂၀၀၆ ခုနှစ် သြဂုတ်လအတွင်း
အသစ် ပြန် ဖွဲ့စည်းခဲ့သည့် "၈၈ မျိုးဆက်ကျောင်းသားများ အင်အားစု" ၏
အစည်းအဝေးတခုတွင် ကိုမင်းကိုနိုင်က ပြောခဲ့သည်။

အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက်ပိုင်းတွင်
မူလကတည်းက လူနေမှုစရိတ်ကြီးမြင့်၍ ဆင်းရဲ ကြပ် တည်းနေသော လူထုအတွက် ပို၍
ဆိုးရွားစွာ ဆင်းရဲစေခဲ့သည်။ ၎င်းနောက်ပိုင်း မကြာမီ သြဂုတ်လတွင်
ဖြစ်ပေါ်လာသော လူထုဆန္ဒပြပွဲများအတွက်စည်းရုံးလှုပ်ရှားကြရာတွင်
ကိုမင်းကိုနိုင်နှင့်အဖွဲ့က အရေးပါသောအခန်းကဏ္ဍကပါဝင်ခဲ့ကြသည်။
သို့သော်လည်း ၎င်းအဖွဲ့၏ခေါင်းဆောင်ပိုင်းအားလုံး
ချက်ချင်းဖမ်းဆီးခံခဲ့ရပြီး လှုပ်ရှားမှုအတွက်ဦးတည်ချက်ပျောက်စေရန်
ဆောင်ရွက်ခဲ့သည်။ ထိုအခါ ရဟန်းတော်များက လမ်းပေါ်ဆန္ဒပြပွဲများအတွက်
ဦးဆောင်လှုပ်ရှားလာခဲ့ကြပြီး လူထုပါဝင် လာစေသည့်လှုပ်ရှားမှုကြီးအဖြစ်
ပေါ်ပေါက်လာစေခဲ့သည်။ ရဟန်းတော်များက နိုင်ငံရေးအာဏာမမျှော်ကိုးဘဲ ဦးဆောင်
လှုပ်ရှားလာကြသောကြောင့်လည်း စိတ်ဓာတ်ရေးရာအရ အသာစီးဘက်က
ရပ်တည်နိုင်ခဲ့ကြသည်။ သို့သော် ၁၉၈၈ အရေးတော်ပုံနှင့်မတူညီသောအချက်မှာ
၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး
ခေါင်းဆောင်အများအပြား ပေါ်ထွန်းလာခဲ့ကြသော်လည်း ယခုလှုပ်ရှားမှုမှာ
ခေါင်းဆောင်မဲ့၊ ပဲ့ထိန်းမဲ့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ခါးသီးဖွယ် လက်ခံရမည့် အမှန်တရားမှာ စစ်တပ်အတွင်း
ညီညွတ်နေသမျှကာလပတ်လုံး၊ လူထုကို သေနတ်ဖြင့်ပစ်ခတ် ချေမှုန်းရန်
စိတ်လိုလက်ရ ဆောင်ရွက်နေသမျှ ကာလပတ်လုံး အပြောင်းအလဲများ ဖြစ်ပေါ်လာရန်
အကြောင်းမရှိခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီ အတိုက်အခံများနှင့်
တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု သဘောပေါက် သိမြင်သည့် နောက်မျိုးဆက်
စစ်ခေါင်းဆောင်များ ပေါ်ထွက်လာရေးဆိုသည်မှာလည်း မျှော်လင့်ရုံသက်သက်မျှသာ
ဖြစ် နေသေးသည်။ ဤသို့ တောင်ပံအမိုးအောက်မှ ဖောက်ထွက်လာမည့် "မျိုးဆက်
သွေးသစ်" စစ်ခေါင်းဆောင်များကို မမြင်ကြရသကဲ့သို့ စစ်တပ်အတွင်း သိသာသော
အက်ကြောင်းများကိုလည်း မမြင်ကြရသေးပါ။

မြန်မာနိုင်ငံတွင်အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့လျှင်သော်မှ
ရဟန်းတော်များ၏ ဆန္ဒပြပွဲများထက်စာလျှင် စစ်ခေါင်း ဆောင် မျိုးဆက်သစ်များ၏
လုပ်ဆောင်ချက်ကြောင့်သာ ဖြစ်လာဖွယ် ရှိပါတော့သည်။
အများဆုံးစွမ်းနိုင်မည်မှာ တချို့ စစ်ခေါင်းဆောင်များက
လက်ရှိစစ်အစိုးရကို ဆက်လက်ထောက်ခံနေခြင်းဖြင့် သူတို့အတွက်
အနာဂတ်မရှိနိုင်ကြောင်း သဘောပေါက် သိမြင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း
ဤအနေအထားဖြစ်လာစေရန်အတွက် အချိန်ကသာ စကားပြော လိမ့်မည် ဖြစ်ပါတော့သည်။
[Top]

Far Eastern Economic Review မဂ္ဂဇင်းတွင် Bertil Lintner ရေးသားသည့် The
Burmese Way to Fascism ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဘာတေး လင့်တ်နာသည် ထိုင်းနိုင်ငံအခြေစိုက်
အကြီးတန်းသတင်းစာဆရာတဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ စာအုပ်များ
ရေးသားခဲ့ပါသည်။

0 comments: