5th June 2010 - MoeMaKa Daily
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ်
ဘီဘီစီ
ဇွန် ၅၊ ၂၀၁၀
“ဟုတ်ကဲ့ … ကျမတို့ အဲဒါတွေ နားမလည်ဘူး။ ဖွဲ့စည်းအုပ်ချုပ်မှုဆိုတာကို မသိဘူး။ အင်း … အရေးတော့ ပါတာပေါ့၊ ဘယ်လိုမျိုး အရေးပါလဲဆိုတော့ အဲလိုကျတော့ ဘယ်လိုပြောရမှန်းကို မသိဘူး၊ နားမလည်ဘူး”
“စိတ်မဝင်စားကြဘူး၊ လူတော်တော်များများက အဲဒါကို၊ အဲဒါကျတော့ မသိဘူးဗျ၊ အခုမှ မဖတ်ကြတာ မဟုတ်ဘူး။ တော်ရုံတန်ရုံ ဘယ်သူမှ သတင်းစာကို ဖတ်ကို မဖတ်ကြည့်တော့တာ”
“အဲ … ဆန္ဒခံယူပွဲအတွက် ဟိုဟာလုပ်ထားတာတွေ ကျမတို့ဘာမှ နားမလည်သေးဘူး လို့”
“မသိဘူးဗျ၊ စာတွေလည်း သိပ်မဖတ်ရတော့ကျ မသိဘူး”
“သိသလားဆိုတော့ မသိကိုမသိတာ။ ဖတ်လည်း မဖတ်ဘူး၊ သွားလည်း မသွားဘူး၊ လူတိုင်း ခံယူချက်ပေါ့နော်”
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲလို့ လက်လှမ်းမီသလောက် မေးကြည့်ခဲ့တဲ့ မြန်မာနိုင်ငံထဲက လူကြီးလူငယ် အိမ်ရှင်မတွေရဲ့အဖြေကို ကြားခဲ့ကြရတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဘယ်လိုအဓိပ္ပာယ် ဖွဲ့ဆိုနိုင်ပါသလဲ။ BLC လို့ခေါ်တဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဥပဒေပညာရှင် ဦးအောင်ထူးက အခုလို အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အားကောင်းကောင်းနဲ့ အာမခံ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်၊ နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ပင်မဥပဒေ ဖြစ်တယ်၊ အဲဒီ ဥပဒေကနေပြီးတော့ ဥပဒေစိုးမိုးရေးအခြခံကို တည်ဆောက်နိုင်ဖို့ တန်းတူညီမျှမှုကို အာမခံရပါတယ်။
အဲတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက နိုင်ငံသားတွေရဲ့အခွင့်အရေးကို ပြဋ္ဌာန်းရုံနဲ့မရဘဲနဲ့ အဲဒီအခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် ယန္တယားတွေ တပ်ဆင်ထားပေးရတယ်။ အနည်းဆုံးအားဖြင့်တော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိပါးလာရင် ကာကွယ်စောင့်ရှောက်နိုင်မယ့် လွတ်လပ်တဲ့ တရားစီရင်ရေးလိုဟာမျိုးတွေကို အားကောင်းကောင်းနဲ့ ပြဋ္ဌာန်းပေးထားတယ်၊ ဒီလို အခြေခံမျိုးနဲ့ ပြင်ဆင်ပြဋ္ဌာန်းပေးထားတဲ့ အရာမျိုးကိုမှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်ပါတယ်”
ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေကိုကြည့်ရင် ၂ မျိုး ၂ စားတွေ့ရတယ်လို့ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက အခုလို သမိုင်းနောက်ခံနဲ့ ပြောပြပါတယ်။
“Constitutionalism လို့ ခေါ်တဲ့ စည်းမျဉ်းခံအုပ်ချုပ်ရေးစနစ်ရဲ့သမိုင်းကို ပြန်ကြည့်ရင်ပေါ့လေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ ၂ မျိုး ၂ စား တွေ့ရပါလိမ့်မယ်။ တမျိုးကတော့ အုပ်ချုပ်ခံပြည်သူပေါ့၊ အောက်ခြေထုက အထက်လွှာ သက်ဦးဆံပိုင် အာဏာရှင်တွေ (သို့တည်းမဟုတ်) နိုင်ငံတခုကိုထူထောင်ဖို့အတွက် ကြိုးစားနေတဲ့သူတွေကို အောက်ကနေ တင်ပြပြီးတော့ အတည်ဖြစ်လာတဲ့ အောက်ကနေ အထက်ကိုဆန်တဲ့ ပုံစံပေါ့၊
ဒီပုံစံကို အင်္ဂလန်တို့၊ အမေရိကားတို့၊ ပြင်သစ်တို့ စတဲ့နိုင်ငံတွေမှာ တွေ့ရပါလိမ့်မယ်။ နောက်တမျိုးကတော့ အပေါ်ကအုပ်ချုပ်တဲ့ အာဏာပိုင်တွေက အောက်က အုပ်ချုပ်ခံပြည်သူတွေကို ချပြတဲ့ပုံစံပါ။ ဒီဟာကို သဘောတူသလား၊ မတူသလား ဆိုပြီးတော့ ချပြတဲ့ပုံစံပေါ့လေ။ ဒါကတော့ အပေါ်က အောက်ကို စုန်တဲ့ပုံလို့ ခေါ်နိုင်တာပေါ့။ ဒါကို အာဏာရှင် တိုင်းပြည်တွေမှာ အများဆုံး တွေ့ရပါတယ်။ အခု ဗမာပြည်မှာ အမျိုးသားညီလာခံက ရေးဆွဲလိုက်တဲ့ အခြေခံဥပဒေဟာ ဒုတိယပုံစံသဘော သက်ဝင်နေတယ်ခင်ဗျ”
ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံ ၂ မျိုးရှိတဲ့အနက် အောင်မြင်တိုးတက်တဲ့နိုင်ငံတွေမှာ အောက်ခြေကနေ အထက် အုပ်ချုပ်သူတွေကိုတင်ပြပြီး အပြန်အလှန် ဆွေးနွေးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ကျင့်သုံးကြတာ တွေ့ရတယ်လို့ ဒေါက်တာ အေးချမ်းက ပြောပါတယ်။
“အောက်ကနေ အပေါ်ကိုဆန်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာဟာ ပြည်သူအများစုရဲ့ဆန္ဒကို ထင်ဟပ်ပေါ်လွင် စေတဲ့အတွက် ဒီနိုင်ငံတွေဟာ တိုးတက်တာပါပဲ။ လက်တွေ့ကြည့်လိုက်ပါ။ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ် ဒီနိုင်ငံတွေပါပဲ။ ဂျာမဏီ။ တကယ်တော့ အပေါ်ကနေချလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒုတိယကမ္ဘာစစ် ရှုံးသွားတဲ့ အချိန်မှာ ပျက်စီးသွားပါတယ်။ အခုက အောက်ကနေ အပေါ်ကိုဆန်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်လာတဲ့အခါမှာ တိုးတက်လာတာပါပဲ။ ဒါဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပါ”
တခါ အထက်ကနေ အောက်ကိုချပြတဲ့ ဖွဲ့စည်းပုံမျိုးကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဘယ်လိုဖြစ်ရပ်တွေနဲ့ တွေ့ဆုံရတယ်ဆိုတာကို ဒေါက်တာအေးချမ်းက အခုလိုပြောပါတယ်။
“ဘယ်လိုတွေ့ရမလဲဆိုလို့ရှိရင်တော့ ရှင်းရှင်လေးပဲလေ။ ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကြည့်လိုက်ရင်ပဲ သိတာပေါ့။ ၁၄ နှစ်ပဲ ခံတာပဲ။ ၁၉၈၈ မှာ ပြည်သူက အုံကြွတာပဲ။ ဒီအုပ်ချုပ်ရေးစနစ်ကို မကြိုက်ဘူးဆိုတာကို ပြတာပဲ။ ဒီလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကလည်း ဒီအတိုင်းပဲလေ။ ပြည်သူတွေက အုံကြွတော်လှန်တာပဲ။ ဒီနေ့ တရုတ်ပြည်သူ့သမတနိုင်ငံမှာ လူထုကြီးတခုလုံးက အုံကြွမှုမရှိသော်လည်းပဲ ဒီဟာကို သဘောမတူဘူးဆိုတာ ဆန့်ကျင်တဲ့ အယူအဆတွေကို ဖော်ထုတ် တင်ပြနေကြတာပဲ။ ဒါကို တွေ့ရမှာပဲ။ ကျနော် ဒီလိုပဲ မြင်ပါတယ်”
အဲဒီလိုအခြေခံတွေနဲ့ ရေးဆွဲခဲ့ကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတနိုင်ငံနဲ့ အဲဒီနိုင်ငံနေ ပြည်သူလူထုအတွက် ဘယ်လောက်ထိအောင် အရေးပါတယ်ဆိုတာကိုတော့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဥပဒေပညာရှင် ဦးအောင်ထူးကပဲ ဆက်ပြီးတော့ ရှင်းပြပါတယ်။
“စစ်မှန်တဲ့ ဖွဲ့စည်းပုံအခြေခံတရပ် ပေါ်လာပြီဆိုရင် တိုင်းပြည်မှာ လက်ရှိတည်ဆဲဥပဒေတွေ ရှိတယ်။ အဲဒီ တည်ဆဲဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ဆန့်ကျင်တဲ့ဥပဒေဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာတဲ့အချိန်မှာ အဲဒီ ဥပဒေတွေအားလုံးကို ရပ်ဆိုင်း ဖျက်သိမ်းပစ်လို့ ရတယ်၊ ပယ်ဖျက်ပစ်ရတာ ဖြစ်တယ်။
တချိန်တည်းမှာ နောက်ထပ်ဥပဒေသစ်တွေ ပြဋ္ဌာန်းတော့မယ်ဆိုရင်လည်းပဲ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အာမခံပြဋ္ဌာန်းပေးထားတဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ဖော်ဆောင်တဲ့ဥပဒေမျိုးကိုသာလျှင် ဆက်လက် ပြဋ္ဌာန်းပေးထားတာ ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ ပင်မအသက်သွေးကြော အဖြစ်နဲ့ နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးတွေကို တောက်လျောက် နောက်ထပ်ပေါ်လာတဲ့ဥပဒေတွေက ကာကွယ် စောင့်ရှောက်ပေးရေး အခြေခံကနေပြီးတော့ အင်မတန်ကို အရေးကြီးတာဖြစ်ပါတယ်”
ဒီတော့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကိုယ့်ကိုယ်ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်မယ်၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ သားစဉ်မြေးဆက်အနာဂတ်ကို ပုံဖော်မယ့် စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ငန်းစဉ်တွေကို ဖော်ပြရေးဆွဲထားတာဖြစ်တာမို့ အထူးပဲ အရေးကြီးလှပါတယ်။ ဒီတော့ကာ မြန်မာပြည်သူလူထုအနေနဲ့ ကိုယ့်ရဲ့ ဆန္ဒသဘောထားတွေ မဖော်ထုတ်ခင် ဒီအခြေခံဖွဲ့စည်းပုံ ဥပဒေမှာ ဘယ်လိုရေးဆွဲထားတယ်။ ဘာတွေပါတယ်ဆိုတာကို အသေအချာ လေ့လာသင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျာ။
ဦးဘမော် စုစည်းတင်ပြချက်ကို ကောက်နုတ်ဖော်ပြပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Monday, June 7, 2010
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ်-ဘီဘီစီ-ဇွန် ၅၊ ၂၀၁၀
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment